<

နေပြည်တော် အကျဉ်းထောင်မှ ထွက်ပြေးသည့် တရားခံနှစ်ဦးအား ပြန်လည်ဖမ်းမိ

နေပြည်တော် အကျဉ်းထောင်မှ ထွက်ပြေးသွားသည့် လူသတ်မှုဖြင့် စစ်ဆေးဆဲ တရားခံနှစ်ဦးအား ပြန်လည်ဖမ်းမိခဲ့ပြီး အမှုဖွင့်ထားကြောင်း ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဆန်းအောင်က ပြောကြားသည်။

မတ် ၅ ရက် ညနေ ၅ နာရီခန့်က ဒက္ခိဏခရိုင်တရားရုံး၌ ရုံးထုတ်စစ်ဆေးပြီးနောက် နေပြည်တော်အချုပ်ထောင်သို့ တရားခံများအား ပြန်လည်ပို့ဆောင်ခဲ့ကြောင်း၊ ထိုသို့ပို့ဆောင်စဉ် ညနေ ၅ နာရီခွဲခန့်၌ အချုပ်ထောင်ရှေ့တွင် တရားခံများအား အချုပ်ကားပေါ်မှ အချုပ်ထောင်အတွင်းသို့ လွှဲပြောင်းနေစဉ် ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၂၃/ ၁၁၄ တိုဖြင့် တရားရုံးစစ်ဆေးဆဲတရားခံ ကိုဝင်း (ခ) သူရနှင့် မူး/စိတ်ပုဒ်မ ၁၅/ ၁၉(က)။၂၁ တိုဖြင့် တရားရုံးစစ်ဆေးဆဲ တရားခံငြိမ်းချမ်းတို့သည့် အစောင့်ရဲတပ်ဖွဲ့ဝင်အားတွန်းကာ အချုပ်ကားပေါ်မှ ခုန်ချထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တရားခံများ ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းကြောင့် နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်ရဲမှူးများ၏ ကြီးကြပ်မှုဖြင့် အင်အားသုံးရှာဖွေခဲ့ရာ မတ် ၆ ရက် ညနေ ၅ နာရီခန့်တွင် အကျဉ်းထောင်နှင့် နှစ်ဖာလုံခန့်အကွာရှိ တောင်ကုန်းအနီး ချုံပုတ်နံဘေးတွင် ပုန်းအောင်းနေသည့် အကျဉ်းသားနှစ်ဦးကို ပြန်လည် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

“သူတို့နှစ်ယောက်က ခရိုင်ရုံးထုတ် အချုပ်ယာဉ်ကနေပြီးတော့မှ နေပြည်တော် အချုပ်ထောင်ကို ပြန်သွင်းတဲ့အချိန်မှာ စောင့်နေတဲ့ အစောင့်ရဲတပ်ဖွဲ့ဝင်ကို တွန်းပြီးတော့ ထွက်ပြေးလွတ်မြောက်သွားတာ။ အဲဒါနဲ့ပတ်သက်ပြီး နေပြည်တော်ရဲတပ်ဖွဲ့မှူး၊ နေပြည်တော်ဒုတိုင်းရဲတပ်ဖွဲ့မှူး၊ ဒက္ခိဏရဲတပ်ဖွဲ့မှူး၊ ဇမ္ဗူမြို့နယ်မှူးတို့နဲ့အဖွဲ့က အင်အားသုံး တောနင်းပြီး လိုက်ရှာတော့ မနေ့က ညနေ ၅ နာရီ ၁၅ မိနစ်လောက်မှာ သွားမိတယ်။ မိတဲ့နေရာက နေပြည်တော်အချုပ်ထောင်ရဲ့ အနောက်ဘက် နှစ်ဖာလုံ V4 ကွန်ကရစ် လမ်းမကြီးရဲ့ အရှေ့ဘက် တောင်ကုန်းလေးက ချုံပုတ်နံဘေး ချိုင့်ထဲမှာ ပုန်းနေတာ” ဟု ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဆန်းအောင်က ပြောကြားသည်။ တရားခံနှစ်ဦးအား ရာဇသတ်ကြီးပုဒ်မ ၂၂၄ ဖြင့် အမှုဖွင့်ထားပြီး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များကိုလည်း ရဲစည်းကမ်း ဥပဒေအရ အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

March 8, 2018














Copy Protected by Chetan's WP-Copyprotect.