ပခုက္ကူဆန်ဈေးကွက်သို့ မြစ်ဝကျွန်းပေါ်ဒေသထွက် မိုးဆန်သစ်ဝင်ရောက်မှု လျော့နည်းသွားပြီး တစ်တင်းလျှင် ကျပ် ၂၆၀၀၀ ပေါက်ဈေးရှိကြောင်း သိရ

ပခုက္ကူဆန်ဈေးကွက်သို့ မြစ်ဝကျွန်းပေါ်ဒေသထွက် မိုးဆန်သစ်ဝင်ရောက်မှု လျော့နည်းသွားပြီး တစ်တင်းလျှင် ကျပ် ၂၆၀၀၀ ပေါက်ဈေးရှိကြောင်း သိရ
Published 8 March 2018

ပခုက္ကူဆိပ်ကမ်းတွင် မြစ်ဝကျွန်းပေါ်ဒေသမှ တင်ပို့သည့်ဆန်များအား မြို့တွင်းသို့သယ်ပို့ရန် ပြင်ဆင်နေစဉ်

ပခုက္ကူဆန်ဈေးကွက်သို့ မြစ်ဝကျွန်းပေါ်ဒေသထွက် မိုးဆန်အသစ်များ ယခုမတ်လပိုင်းတွင် ကုန်ဝင်ရောက်မှု လျော့နည်းသွားပြီး တစ်တင်းလျှင် ကျပ် ၂၆၀၀၀ ပေါက်ဈေးရှိကာ ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း ဒေသခံကုန်သည်များထံမှ သိရသည်။

ပခုက္ကူဆန်ဈေးကွက်သို့ မြစ်ဝကျွန်းပေါ်ဒေသထွက် မိုးဆန်အသစ်များ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းမှ စတင်ဝင်ရောက်ခဲ့ပြီး ဈေးကွက်အတွင်း စတင်ဝင်ရောက်ချိန်တွင် တစ်အိတ်လျှင် ကျပ် ၂၃၅၀၀ မှ ကျပ် ၂၄၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

“မိုးဆန်အသစ်ဝင်တော့ နည်းသွားပြီ။ ဒီဖက်ကလိုချင်ပေမဲ့ အောက်ပိုင်းမှာ ဝယ်ရခက်နေတယ်။ ဒါကြောင့်လည်း အဝယ်နည်းသွားတာပါ။ လက်ရှိဖြစ်နေတဲ့ ဈေးနှုန်းက နည်းနည်းတက်လာတယ်ဆိုပေမဲ့ ပုံမှန်အတိုင်းလို့ ပြောနိုင်ပါတယ်။ အရင်နှစ်တွေကလည်း ဒီလိုအချိန်ဆို မိုးဆန်ဈေးကတစ်တင်း ကျပ် ၂၆၀၀၀ ဝန်းကျင်ရှိပါတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်ပါပဲ” ဟု ပခုက္ကူမြို့မှ ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူ ကိုထက်က ပြောကြားသည်။

ယခင်နှစ်များက မိုးဆန်အသစ်ပေါ်ချိန်တွင် ပခုက္ကူဆန်ဈေးကွက်သို့ မိုးဆန်သစ်များ မတ်လကုန်ပိုင်းထိ ဝင်ရောက်လေ့ရှိပြီး ယခုနှစ်တွင် နိုင်ငံခြားတင်ပို့မှု များပြားသည့်အတွက် မြစ်ဝကျွန်းပေါ်ဒေသမှ မိုးဆန်အသစ် ဝယ်ယူရ ခက်ခဲခြင်းဖြစ်နိုင်ကြောင်း ဒေသခံ ဆန်ကုန်သည်များက သုံးသပ်ပြောကြားသည်။

မြစ်ဝကျွန်းပေါ်ဒေသ၌ နွေဆန်သစ်များ ပေါ်နေပြီဖြစ်သော်လည်း ပခုက္ကူဆန်ဈေးကွက်သို့ ယခုလကုန်ပိုင်းမှသာ ဝင်ရောက်နိုင်ပြီး လက်ရှိတွင် မိုးဆန်သစ်များကိုသာ အားထားရောင်းချနေရကြောင်း သိရသည်။

ပခုက္ကူဆန်ဈေးကွက်တွင် ဆန်ချောဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၅၃၀၀၀ အထက် ပေါက်ဈေးရှိပြီး ရွှေဘို၊ ရေဦးဒေသထွက် ဧရာမင်း အဟောင်းတစ်အိတ်လျှင် ကျပ် ၄၅၀၀၀ ခန့်နှင့် အသစ်တစ်အိတ်လျှင် ကျပ် ၃၅၀၀၀ ခန့် ပေါက်ဈေးရှိကြောင်း သိရသည်။

မိုးဆန်သစ်များ ပခုက္ကူဈေးကွက်သို့ စတင်ဝင်ရောက်ချိန်တွင် ဒေသတွင်း သီးနှံရောင်းချချိန်ဖြစ်သည့်အတွက် ယခင်နှစ်များက ရောင်းဝယ်မှုအားကောင်းခဲ့ပြီး ယခုနှစ်တွင် သီးနှံဈေးကျဆင်းမှုကြောင့် ပခုက္ကူဆန်ဈေးကွက်မှာ ပုံမှန်တိုင်းသာ အရောင်းအဝယ်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ စပါးတင်း ၁၀၀ လျှင် အခြေခံဈေး ကျပ်ငါးသိန်းဖြင့် ဝယ်ယူပေးရန် မတ် ၆ ရက်က ထုတ်ပြန်ခဲ့ပြီး လက်ရှိတွင် ဆန်ဈေးမြင့်တက်နေခြင်းကြောင့် စပါးတင်း ၁၀၀ လျှင် ကျပ်ခြောက် သိန်းအထက်ရှိကြောင်း သိရသည်။

ပခုက္ကူဆိပ်ကမ်းသို့ မိုးဆန်သစ်များ ဝင်ရောက်မှု များပြားချိန်တွင် ဆိပ်ကမ်း၌ ဆန်ပို့မော်တော်များရပ်နားရန် နေရာအခက်အခဲ ကြုံတွေ့ရပြီး အချို့သော မော်တော်များမှာ မြစ်လယ်တွင် ယာယီရပ်နားပြီး ဆန်ချရန် စောင့်ဆိုင်းရကြောင်း သိရသည်။

ချင်းပြည်နယ်၊ ယောဒေသ၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့များသို့ ဆန်တင်ပို့ရောင်းချနေသော ပခုက္ကူမြို့ဆန် ဈေးကွက်မှာ မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှ ထွက်ရှိသော ဆန်များအားအဓိက ဝယ်ယူရောင်းချရာ ဆန်ဈေးကွက်တစ်ခုဖြစ်ကြောင်း သိရသည်။