နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မျှော်မှန်းသလောက် ဝင်ရောက်မှုမရှိဘဲ ထိုက်သင့်သလောက်သာ ဝင်ရောက်မှုရှိနေသဖြင့် Doing Business အဆင့်တက်ရေးနှင့် အခက်ကြုံနေသည့်ကဏ္ဍများ ဖြေလျှော့ရေး ကြိုးပမ်းနေကြောင်း ဒုတိယသမ္မတ ပြောကြား

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မျှော်မှန်းသလောက် ဝင်ရောက်မှုမရှိဘဲ ထိုက်သင့်သလောက်သာ ဝင်ရောက်မှုရှိနေသဖြင့် Doing Business အဆင့်တက်ရေးနှင့် အခက်ကြုံနေသည့်ကဏ္ဍများ ဖြေလျှော့ရေး ကြိုးပမ်းနေကြောင်း ဒုတိယသမ္မတ ပြောကြား
Published 8 March 2018

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မျှော်မှန်းသလောက် ဝင်ရောက်မှုမရှိဘဲ ထိုက်သင့်သလောက်သာ ဝင်ရောက်သည့် အခြေအနေဖြစ်နေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရေးနှင့် တိုင်းရင်းသားလုပ်ငန်းရှင်များ အခက်ကြုံနေသည့်ကဏ္ဍများ ဖြေလျှော့ပေးနိုင်ရန် လုပ်ဆောင်နေသည်ဟု ဒုတိယသမ္မတ ဦးမြင့်ဆွေက မတ် ၇ ရက်တွင် ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောကြားသည်။

“ကျွန်တော်တို့မှာ Ease of Doing Business နဲ့ပတ်သက်ပြီး အဟန့်အတားတွေ ဖြစ်နေတယ်။ ဒါကိုလည်း ကျွန်တော်တို့ ဒုတိယဝန်ကြီး ဦးအောင်ထူးတို့ကို တာဝန်ပေးပြီး ညွှန်းကိန်း(၁၀)ခုကို တက်အောင်လုပ်နေတယ်။ လုပ်တဲ့အခါမှာ ကျွန်တော်တို့အခု တော်တော်မြန်လာကြပါပြီ။ လွန်ခဲ့တဲ့နှစ်နှစ် သုံးနှစ်တုန်းက သာမန်ပဲပြောနေတဲ့ အခြေအနေမှာ ဟိုးတုန်းကတော့မသိလို့ထား။ အခု အတွေ့အကြုံတွေရလာတဲ့အခါမှာ ဒုတိယဝန်ကြီးဦးဆောင်ပြီး ညွှန်းကိန်း(၁၀)ခုအတွက် ဦးဆောင်ညွှန်ကြားရေးမှူးတစ်ယောက်နဲ့ ညွှန်ကြားရေးမှူးချုပ် ကိုးယောက်ဦးဆောင် တာဝန်ယူပြီး ဆောင်ရွက်နေတယ်။ ပြင်ပရင်းနှီးမြှုပ်နှံမှုတွေက မဝင်ဘူးလားဆိုတော့လည်း ဝင်တောဝင်ပါတယ်။ သိပ်အများကြီးမျှော် မှန်းသလောက်တော့မဟုတ်ဘဲ ထိုက်သင့်သလောက်တော့ဝင်တဲ့ အနေအထား ရှိနေပါတယ်။ ဒီမှာသူတို့က Ease of Doing Business တွေ ဘာတွေကြည့်ပြီးတော့ဝင်တဲ့ အနေအထားဆိုတော့ ကျွန်တော်တို့က နိုင်ငံပေါင်း ၁၉၀ မှာ ၁၇၁ ဆိုတော့ အခုဒီဟာကပြီးသွားပြီ။ အခု ၂၀၁၉ ဒီကာလတွေမှာလိုက်ပြီးတော့ မေးမြန်းနေပြီ။ မေးမြန်းနေတဲ့ အနေအထားမှာ ကျွန်တော်တို့လည်း ဘက်စုံဆောင်ရွက်နေတာ ရှိပါတယ်။ ဒီမှာလည်း ကျွန်တော်တင်ပြချင်တာက ကျွန်တော်တို့ အစိုးရတစ်ခုတည်းနဲ့ မရပါဘူး။ အစိုးရဝန်ထမ်းတွေကို မေးနေတာရှိသလို ပြည်သူလူထုကိုလည်း မေးနေတာ ရှိပါတယ်။ အခုနောက်ပိုင်းတော့ အားလုံးက သိလာကြပါပြီ။ ဘာတွေမေးမယ်ဆိုတာကို။ အရင်နှစ်နဲ့ ဒီနှစ်ညွှန်းကိန်း (၁၀) ခုမှာဆို အပြောင်းအလဲမရှိ Zero တွေချည်း ဖြစ်နေတယ်။ အခု ညွှန်ချုပ်တွေကို တာဝန်ပေးထားတော့ ဒါတွေကို မဖြစ်ဖြစ်အောင်၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတင်မက ကိုယ့်တိုင်းရင်းသားတွေပါ အခက်အခဲဖြစ်နေတာမို့ ဒါတွေကိုလည်း မဖြစ်ဖြစ်အောင် ဖြေလျှော့ပေးဖို့ ဥပဒေပိုင်းဆိုင်ရာတွေကိုရော လုပ်နေပါတယ်။ ဒါမျိုးတွေက Ease of Doing Business မှာ လွယ်ကူချောမွေ့လာတာနဲ့အမျှ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေလည်း များလာမယ်။ တိုင်းရင်းသားတွေလည်း လုပ်ငန်းကိုင်ငန်းတွေ ရလာမယ့် အခွင့်အလမ်း ဖြစ်ပါတယ်” ဟု ဦးမြင့်ဆွေက ပြောကြားသည်။

လက်ရှိအစိုးရ၏ သက်တမ်းနောက်ဆုံးနှစ်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်တွင် စီးပွားရေး လုပ်ငန်းလုပ်ကိုင်မှုအတွက် လွယ်ကူမှုညွှန်းကိန်း Doing Business ၌ အဆင့် ၉၉ ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှုအတွက် လွယ်ကူမှုညွှန်းကိန်း Doing Business တွင် အကဲဖြတ်သည့်အဆင့် ၁၀ ဆင့်ရှိနေပြီး အဆိုပါအဆင့်များမှာ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခွင့်ရယူခြင်း၊ လျှပ်စစ်သွယ်တန်းရယူခြင်း၊ မြေနှင့်အိမ်ရာ အဆောက်အအုံ မှတ်ပုံတင်ခြင်း၊ ချေးငွေရယူခြင်း၊ အနည်းစုသော ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးခြင်း၊ အခွန်များပေးဆောင်ခြင်း၊ ပြည်ပသို့ကုန်သွယ်ခြင်း၊ စာချုပ်များသဘောတူညီမှု အာဏာတည်လိုက်နာစေခြင်း၊ ဒေဝါလီခံမှုကို ဖြေရှင်းခြင်းစသည့် အချက်များနှင့် တိုင်းတာခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ထိုသို့အဆင့်တစ်ဆင့် မြင့်တက်ကာ နိုင်ငံပေါင်း ၁၉၀ အနက်အဆင့် ၁၇၁ တွင် ရပ်တည်နိုင်ခဲ့ပြီး အဆင့်တစ်ဆင့် ကျခဲ့သော်လည်း အမြင့်ဆုံးစွမ်းဆောင်ရည်မှ ကွာလှမ်းမှုရမှတ်များတွင် ကဏ္ဍခြောက်ခု၌ ရမှတ်မြင့်တက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent