လာမည့်သုံးနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန်လေးသန်း တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံရရှိရန် မျှော်မှန်းထား

လာမည့်သုံးနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန်လေးသန်း တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံရရှိရန် မျှော်မှန်းထား
Published 8 March 2018

ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

မြန်မာ့ဆန်စပါးကဏ္ဍအတွက် ဦးစားပေး ဆောင်ရွက်မည့် ရည်မှန်းချက်အရ လာမည့်သုံးနှစ်အတွင်း ဆန်တန်ချိန်လေးသန်းအထိ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရန် ရည်မှန်းထားပြီး ဝင်ငွေဒေါ်လာ ၁ ဒသမ ၅ ဘီလျံအထိ ရရှိနိုင်ကြောင်း မတ် ၆ ရက်က နေပြည်တော်တွင် ကျင်းပသော မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးနှီးနှောဖလှယ်ဆွေးနွေးပွဲ ၂၀၁၈ အခမ်းအနားမှ သိရသည်။

မြန်မာ့ဆန်စပါးကဏ္ဍအတွက် ၂၀၁၈-၂၀၁၉ မှ ၂၀၂၀-၂၀၂၂ (သုံးနှစ်) ကာလတိုအတွင်း ဦးစားပေး ဆောင်ရွက်မည့် အစီအစဉ်များအရ ကာတိုစီမံချက်၏ မျှော်မှန်းချက် (Vision)၊ ကာလတိုစီမံချက်၏ လုပ်ငန်းတာဝန်များ (Mission) နှင့် ကာလတိုစီမံချက်၏ ရည်မှန်းချက်များ (Target) တို့ကို ချမှက်ခဲ့ခြင်းဖြစ်သည်။

ယင်းအနက် ကာလတိုစီမံချက်၏ ရည်မှန်းချက်များအရ လာမည့် ၂၀၂၀-၂၀၂၁ တွင် ဆန်တန်ချိန်လေးသန်း တင်ပို့ရေးနှင့် ဆန်တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံအထိ ဝင်ငွေရရှိစေရန် ရည်မှန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

ပြည်ပသို့ ဆန်ပိုမိုတင်ပို့နိုင်ရန်အတွက် နိုင်ငံတကာဈေးကွက်များကို ပိုမိုရှာဖွေခဲ့ပြီး လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံပေါင်း ၆၂ နိုင်ငံအထိ တိုးချဲ့ကာ တင်ပို့နိုင်ခဲ့ကြောင်း၊ ယခင်ဘဏ္ဍာနှစ်များထက် နိုင်ငံပေါင်း ၂၂ နိုင်ငံကို တိုးချဲ့ကာ တင်ပို့နိုင်ခဲ့ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းကဲ့သို့ နိုင်ငံတကာဈေးကွက်များကို ပိုမိုရှာဖွေထားနိုင်သည့်အတွက် လာမည့်ဘဏ္ဍာနှစ်များတွင် ပြည်ပသို့ ဆန်တင်ပို့နိုင်မည့် အခြေအနေကောင်းများရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ဆိုသည်။

“ဒီနှစ်က တော်တော်များများကို တိုးချဲ့ထားပြီး ဈေးကွက်တိုးမြှင့် ဆောင်ရွက်တာက ဒီမြန်မာနိုင်ငံမှာ ၂၀၁၇ ဧပြီ၊ မေမှာ The Rice Traders Conference ကို လုပ်ခဲ့တယ်လေး။ လုပ်ခဲ့တော့ ဒီညီလာခံနဲ့ စပ်ဆက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ဆန်စပါးဈေးကွက်တိုးချဲ့ရေးကို IFC, World Bank ပေါ့ ကမ္ဘာ့ဘဏ်ကလည်း ကူညီပေးတယ်။ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ရဲ့ ကော်မတီတွေ နောက်တစ်ခါ ကုမ္ပဏီတွေကလည်း တိုးချဲ့လုပ်တော့ ဈေးကွက်ရှာဖွေရေးကတော့ တော်တော်ကောင်းနေပြီ။ အဲဒီနောက်ကနေ ထုတ်လုပ်မှုကပါ လိုက်လာမယ်ဆိုရင် တန်ချိန် လေးသန်းကို ၂၀၂၀-၂၀၂၁ ခုနှစ်မှာ လွယ်လွယ်ကူကူနဲ့ ပို့နိုင်ပြီ” လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။

မြန်မာနိုင်ငံအနေနဲ့ ယခုနှစ်တွင် ဆန်စပါးထုတ်လုပ်မှုတွင် နိုင်၏စားနပ်ရိက္ခာဖူလုံရုံသာမက ပြည်ပသို့ ဆန်တန်ချိန်သုံးသန်းအထိ တိုးချဲ့တင်ပို့နိုင်ခဲ့သည့်အတွက် နှစ်ပေါင်း ၇၀ အတွင်း စံချိန်သစ်တစ်ရပ်မှတ်တမ်းတင် ရေးထိုးနိုင်ခဲ့ကြောင်း မတ် ၂ ရက်တွင် ကျရောက်သော တောင်သူလယ်သမားနေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးထင်ကျော်ထံမှ ပေးပို့လိုက်သည့် သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှုတွင် လွတ်လပ်ရေးခေတ်နှင့် လွတ်လပ်ရေးနှောင်းပိုင်းကာလများအတွင်း ပြည်ပသို့ ဆန်တန်ချိန် အများဆုံး တင်ပို့ထားသည့် ၁၉၅၆၊ ၁၉၅၇၊ ၁၉၅၉ နှင့် ၁၉၆၀ ပြည့်နှစ်များတွင် ဆန်တန်ချိန်တစ်သန်းသာ တင်ပို့ခဲ့ခြင်းရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

Most Read

Most Recent