ငွေဆောင်ကမ်းခြေတွင် ဟိုတယ်ဇုန်များ တည်ဆောက်ရေးအတွက် ဦးပိုင်က သိမ်းပြီးနောက် လုပ်ငန်းရှင်များထံ လွှဲပြောင်းပေးခဲ့သည့် မြေနေရာများနှင့် ပတ်သက်၍ သိမ်းဆည်းခံမူလပိုင်ရှင်များ မနစ်နာစေရေးအတွက် နစ်နာကြေးများကို တိုင်းဒေသကြီးအစိုးရက ညှိနှိုင်းဆောင်ရွက်ပေးမည်

ငွေဆောင်ကမ်းခြေတွင် ဟိုတယ်ဇုန်များ တည်ဆောက်ရေးအတွက် ဦးပိုင်က သိမ်းပြီးနောက် လုပ်ငန်းရှင်များထံ လွှဲပြောင်းပေးခဲ့သည့် မြေနေရာများနှင့် ပတ်သက်၍ သိမ်းဆည်းခံမူလပိုင်ရှင်များ မနစ်နာစေရေးအတွက် နစ်နာကြေးများကို တိုင်းဒေသကြီးအစိုးရက ညှိနှိုင်းဆောင်ရွက်ပေးမည်
Published 7 March 2018

သိမ်းဆည်းခံရသည့် လယ်ယာမြေများ ပြန်လည်ရရှိရေး ငွေဆောင်ကမ်းခြေတွင် ၂၀၁၇ ဒီဇင်ဘာလအတွင်းက ဆန္ဒထုတ်ဖော်စဉ်

ငွေဆောင်ကမ်းခြေတွင် ၂၀၀၀ ပြည့်နှစ်၌ ဟိုတယ်ဇုန်များ တည်ဆောက်ရေးအတွက် ဒေသခံများ ပိုင်ဆိုင်သော မြေယာများကို ဦးပိုင်က သိမ်းပြီးနောက် လုပ်ငန်းရှင်များထံ လွှဲပြောင်းပေးခဲ့သည့် မြေနေရာများနှင့် ပတ်သက်၍ သိမ်းဆည်းခံ မူလပိုင်ရှင်များက အစိုးရသစ် လက်ထက်တွင် တင်ပြတောင်းဆိုမှုများအပေါ် သိမ်းဆည်းခံ မြေပိုင်ရှင်များ မနစ်နာစေရေးအတွက် နစ်နာကြေးများကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မတ်  ၆ ရက်တွင် ပုသိမ်မြို့၌ ပြုလုပ်သည့် ငွေဆောင်ကမ်းခြေ ဟိုတယ်လုပ်ငန်းရှင်များနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

၂၀၀၀ ပြည့်နှစ်တွင် ငွေဆောင်ကမ်းခြေ ရှိ ဒေသခံပြည်သူများ ပိုင်ဆိုင်သော အုန်းခြံများကို ဟိုတယ်ဇုန်များ တည်ဆောက်ရေးအတွက် မြန်မာ့စီးပွားရေးဦးပိုင်က သိမ်းဆည်းခဲ့ကြောင်း၊ သိမ်းဆည်းခဲ့စဉ်က မူလပိုင်ရှင်အား စိုက်ပျိုးထားသည့် သီးပင်လျော်ကြေးများသာ ပေးအပ်ခဲ့ပြီးနောက် ပေ ၄၀ ပေ ၆၀ မြေကွက်များသာ ချပေးခဲ့ကြောင်း၊ ယင်းနောက် ဟိုတယ်ဇုန် တည်ဆောက်ပြီး လုပ်ငန်းရှင်များအား ချထားပေးခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် မြန်မာ့စီးပွားရေးဦးပိုင်က မြေယာများကို ပြန်လည်စွန့်လွှတ်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း၊ တိုင်းဒေသကြီး အစိုးရကလည်း သိမ်းဆည်းခံ ပြည်သူများထံ ပြန်လည်ပေးအပ်ခြင်း မရှိဘဲ လက်ရှိလုပ်ငန်း လုပ်ဆောင်နေသည့် လုပ်ငန်းရှင်များကိုသာ ပြန်လည်ချထားပေးကြောင်း၊ မြေသိမ်းခံ ပြည်သူများက နစ်နာခဲ့သည့် သိမ်းဆည်းခံ မြေယာများ ပြန်လည်ရရှိရေးအတွက် တောင်းဆိုမှုများအပေါ် မူလသိမ်းဆည်းခံ ပြည်သူများ နစ်နာမှုများ မရှိရေးအတွက် တိုင်းဒေသကြီး အစိုးရက နစ်နာကြေးများ ရရှိရေးအတွက် တိုင်းဒေသကြီး အစိုးရက ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

“ဒီကိစ္စကလည်း ကျွန်တော်တို့ တိုင်းထဲမှာတော့ တော်တော်ကို ဖြေရှင်းရခက်တဲ့ ပြဿနာတစ်ရပ်အဖြစ် ရှိနေတာပါ။ ဘာကြောင့်လဲဆိုတော့ သက္ကရာဇ် ၂၀၀၀ မှာ ဟိုတယ်စပြီးတော့ ထူထောင်ခဲ့တယ်။ ထူထောင်ခဲ့ပြီးတော့ မူလပိုင်ရှင်က ဦးပိုင်ကုမ္ပဏီဖြစ်တယ်။ ဦးပိုင်ကနေမှတစ်ခါ ကျွန်တော်တို့ ဒီ ၂၀၁၀ ကျော်ကျော်လောက်မှာ တိုင်းဒေသကြီး အစိုးရကို လွှဲခဲ့တယ်။ မူလပိုင်ရှင်တွေက တင်ပြတာက ဟိုတယ်ဇုန်အဖြစ် စတင်ထူထောင်စဉ်တုန်းက တရားဝင်မြေသိမ်းမိန့်နဲ့ သိမ်းခဲ့တာ မဟုတ်ဘူး။ အမိန့်အာဏာနဲ့ပဲ သိမ်းခဲ့တာ ဖြစ်တယ်။ ပေးခဲ့တဲ့ လျော်ကြေးကလည်း အပင်လျော်ကြေးတို့ ပေ ၄၀ ပေ ၆၀ မြေကွက်အစား ပေးတာတို့ နည်းလမ်းတွေနဲ့ ဖြေရှင်းခဲ့တယ်။ အမှန်က ဒါက မြေသိမ်းမိန့် အနေနဲ့ ဆောင်ရွက်တဲ့နေရာမှာ သတ်မှတ်ထားတဲ့ ဖြေရှင်းနည်း မဟုတ်ဘူး။ သတ်မှတ်ထားတဲ့ ဖြေရှင်းနည်းကတော့ အဲဒီ အချိန်တုန်းက တရားဝင်သတ်မှတ်ခဲ့တဲ့ ဥပဒေနဲ့အညီ သိမ်းခဲ့ရင်တော့ ဒါတရားဝင်တယ်။ အခုက အဲဒီလို သိမ်းခဲ့တာ မဟုတ်တဲ့အတွက် မူလပိုင်ရှင်တွေက မူလသိမ်းခဲ့တဲ့ ဦးပိုင်က စွန့်လွှတ်ခဲ့တဲ့ အချိန်မှာလည်း မူလပိုင်ရှင်တွေ လက်ထဲကို ပြန်မပေးဘဲနဲ့ တိုင်းဒေသကြီး အစိုးရလက်ထဲကိုပဲ လွှဲခဲ့တယ်။ တိုင်းဒေသကြီး အစိုးရကလည်း မူလလုပ်ငန်း ဆောင်ရွက်နေတဲ့ သူတွေကိုပဲ ပြန်လည်လွှဲပြောင်းခဲ့တယ်ဆိုတော့ ဒီအပေါ်မှာ သူတို့အနေနဲ့ နစ်နာပါတယ်။ မြေယာရသင့်ရထိုက်ပါတယ်ဆိုပြီး တင်ပြလာတယ်။ မူလပိုင်ရှင်တွေကလည်း မြေစစ်ကော်မတီဆိုတဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု ညှိနှိုင်းဖြေရှင်းရေး ကော်မတီကို တိုင်ကြားထားတဲ့ကိစ္စ ဖြစ်တဲ့အတွက် အဲဒီကော်မတီကလည်း ခရိုင်ကော်မတီကနေ တိုင်းကော်မတီကို တင်ပြထားတဲ့ အဆင့်ရောက်နေပြီ။ လုပ်ငန်းရှင်တွေကလည်း မြေသိမ်းခံပြည်သူတွေ တောင်းဆိုတဲ့ မြေယာလျော်ကြေးက များလွန်းတာကြောင့် သူတို့ကလည်း အဆင့်ဆင့် ဝယ်ယူခဲ့ရတာမို့ တိုင်းဒေသကြီး အစိုးရအနေနဲ့ သင့်လျော်ရာဈေးနှုန်း ညှိနှိုင်းပေးဖို့ တင်ပြလာတယ်။ ဒီပြဿနာက မြန်မြန်ဖြေရှင်းပြီးမှသာလျှင် တိုင်းဒေသကြီးရဲ့ အကျိုးစီးပွားရော ရင်းနှီးမြှုပ်နှံတဲ့သူတွေရဲ့ အကျိုးစီးပွားရော မူလပိုင်ရှင်တွေရဲ့ နစ်နာမှုရော ပြေလည်သွားမှာ ဖြစ်တဲ့အတွက် ဒီနေ့တွေ့ဆုံပွဲမှာ ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ တိုင်းဒေသကြီးအစိုးရ တွေ့ဆုံပွဲမှာ ဝန်ကြီးချုပ် ကိုယ်တိုင်ကနေပြီးတော့ ဒီပြဿနာများကို အမြန်ဆုံး ဖြေရှင်းပေးပြီးတော့ တိုင်းဒေသကြီး အစိုးရအနေနဲ့ လုပ်ထုံးလုပ်နည်းများအရရော ညှိနှိုင်းဖြေရှင်းမှုအရရော ပေါင်းစပ်ပြီးတော့ ဖြေရှင်းပေးသွားပါ့မယ်လို့ အကြောင်းပြန်ခဲ့တယ်” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

ငွေဆောင်ကမ်းခြေတွင် မြေနေရာ အငြင်းပွားမှုများနှင့် ပတ်သက်၍ ဒေသခံပြည်သူများ မကြာခဏ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent