မွန်ပြည်နယ်တွင် နေလှန်းဆားထုတ်လုပ်မှုမှ ရာခိုင်နှုန်း ၂၀ အထိ ဆားများထွက်ရှိလာပြီး မတ်၊ ဧပြီ၊ မေလများ၏ လာနီညာရာသီဥတုပြောင်းလဲမှုအပေါ် မူတည်ကာ ဆားဈေးပြောင်းလဲနိုင်

မွန်ပြည်နယ်တွင် နေလှန်းဆားထုတ်လုပ်မှုမှ ရာခိုင်နှုန်း ၂၀ အထိ ဆားများထွက်ရှိလာပြီး မတ်၊ ဧပြီ၊ မေလများ၏ လာနီညာရာသီဥတုပြောင်းလဲမှုအပေါ် မူတည်ကာ ဆားဈေးပြောင်းလဲနိုင်
Published 7 March 2018

မွန်ပြည်နယ်ရှိ နေလှန်းဆား ထုတ်လုပ်ရေးလုပ်ငန်းများကို တွေ့ရစဉ်

နွေဦးအကြို မတ် ၁၅ ရက်အတွင်း အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း သတိပေးမှုရှိရာ နေလှန်းဆား ရာခိုင်နှုန်း ၂၀ ထုတ်လုပ်ပြီးသည့် မွန်ပြည်နယ်အနေနှင့် လက်ကျန်ဆား ထုတ်လုပ်မည့် မတ်၊ ဧပြီ၊ မေလတို့တွင် လာနီညာ သက်ရောက်မှုအပေါ်မူတည်၍ ဆားကြမ်းဈေးနှုန်း ပြောင်းလဲနိုင်ကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်းဦးစီးဌာနမှူး ဦးခင်စိုးက ပြောကြားသည်။

“လောလောဆယ် ဆားကြမ်းဈေးက ကျပ် ၁၄၀ လောက်ရှိတယ်။ မွန်ပြည်နယ် ရာသီဥတုအတိုင်း ပုံမှန်ကောင်းမယ်။ ဒီအတိုင်းပဲဆက်သွားပြီး ဖျက်မိုးတွေမရွာဘူးဆိုရင် ကျပ် ၁၀၀ အောက်တော့ မရောက်နိုင်ဘူးလို့ မှန်းပါတယ်။ ပြီးခဲ့တဲ့နှစ်က လာနီညိုရာသီနဲ့ ဆားဈေးကွက်ပိတ်တယ်။ အခု ဖေဖော်ဝါရီလကုန်မှာ မွန်ပြည်နယ် ဆားအထွက်က ရာခိုင်နှုန်း ၂၀ ပဲရှိသေးတယ်။ ဆားထွက်ဖို့အချိန်ကာလက မတ်၊ ဧပြီ၊ မေ သုံးလကျန်သေးတယ်။ ခန့်မှန်းထားသလို ဖျက်မိုးရွာရင်တော့ ကျပ် ၂၀၀ အထက်တော့ ပြန်ဖြစ်ဖို့ရှိပါတယ်။ မတ်လထဲမှာတော့ ရာသီဥတုဖောက်နိုင်တယ်လို့ ခန့်မှန်းထားတာတော့ရှိတယ်။ စောင့်တော့ကြည့်ရမှာပေါ့” ဟု မွန်ပြည်နယ် ဆားလုပ်ငန်းဦးစီးဌာနမှူး ဦးခင်စိုးက ပြောကြားသည်။

မော်လမြိုင်မြို့မှ ရေခဲမုန့်လုပ်ငန်းရှင်တစ်ဦးက ၎င်း၏လုပ်ငန်းအတွက် ဆားကြမ်းကို ကြိုတင်ဝယ်ယူရန်၊ သံဖြူဇရပ်ရှိ ပငဆားကွင်းသို့ ဆားဝယ်သွားရာ ဆားကြမ်းတစ်ပိဿာလျှင် ကျပ် ၁၄၀ ဈေးပေါက်နေပြီး ဆားတောင်သူများအနေဖြင့် လာနီညာရာသီဥတုနှင့် ကြုံမည်ဟု အခြေအနေများရှိသည်ဟုဆိုကာ ဈေးကောင်းကို စောင့်ရောင်းသည့်အခြေအနေတွင် ရှိနေကြောင်း ပြောကြားသည်။

မွန်ပြည်နယ် ဆားလုပ်ငန်းရှင်ဥက္ကဋ္ဌ ဦးဝင်းထိန်က ယခင်နှစ်ကကဲ့သို့ သြင်္ကန်မိုးရက်ရှည်မရွာရန် အာမမခံနိုင်သည့်အတွက် ဆားတောင်သူများက ထိန်း၍ရောင်းချနိုင် အခြေအနေရှိကြောင်း၊ ဆားတောင်သူများကိုလည်း SME ချေးငွေရရှိရေးအတွက် ဆောင်ရွက်နေရာ မတ်လအတွင်း ချေးငွေရရှိပါက လုပ်သားများပေးရန် ကြိုတင်ချေးငွေတို့အတွက် ရသည့်ဈေးနှင့် ရောင်းချရန်မလိုဘဲ မိုးတွင်းကာလ တက်ဈေးရောင်းမည့် အခြေအနေတွင်ရှိနေရာ ဆားကြမ်းဈေးသည် ဆက်လက်မြင့်တက်နေမည်ဖြစ်၍ ဖျက်မိုးရွာပါက ဈေးနှုန်းများ ထပ်မံမြင့်တက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

မွန်ပြည်နယ် နေလှန်းဆားထုတ်လုပ်မှုမှာ ဈေးကောင်းပြီး တွက်ခြေကိုက်မှုအရ ယခုနှစ်တွင် ယခင်နှစ်ထက် ဧက ၂၀၀ တိုး၍ ဆားတောင်သူ ၇၀ ခန့်က ဆားလုပ်ဧက ၂၈၀၀ ခန့်လုပ်ကိုင်နေကြပြီး ဆားမက်ထရစ် တန် ၂၃၀၀ ခန့်ထွက်ရှိနိုင်ကြောင်း မွန်ပြည်နယ်တွင် ဆားအများဆုံးထုတ်လုပ်သည့် သံဖြူဇရပ်မြို့နယ်ရှိ ဆားတောင်သူများ၏ ခန့်မှန်းချက်များအရ သိရသည်။

Most Read

Most Recent