KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေ ဘန်းချောင်းဒေသတွင် ကျေးရွာပိုင် ဘုံသစ်တောအဖြစ် ဧက ၆၀၀၀၀ ကျော်ကို KNU (ဗဟို) က အသိအမှတ်ပြု

KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေ ဘန်းချောင်းဒေသတွင် ကျေးရွာပိုင် ဘုံသစ်တောအဖြစ် ဧက ၆၀၀၀၀ ကျော်ကို KNU (ဗဟို) က အသိအမှတ်ပြု
Published 7 March 2018

ဘန်းချောင်းဒေသတစ်နေရာကို တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ရှိ KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေဖြစ်သော ဘန်းချောင်းဒေသတွင် ကျေးရွာပိုင် ဘုံသစ်တောအဖြစ် ဧက ၆၀၀၀၀ ကျော်ကို KNU (ဗဟို)က အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထားဝယ်မြို့အရှေ့ဘက်ရှိ ယင်းဘန်းချောင်းဒေသတွင် ကျေးရွာကိုးရွာရှိပြီး ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ကျေးရွာခြောက်ရွာတွင် ကျေးရွာပိုင်ဘုံသစ်တောအဖြစ် ဧက ၅၀၀၀၀ ကျော်ကို စတင်သတ်မှတ်ပေးခဲ့ပြီးနောက် ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းက ကျန်ရှိသည့်ရွာသုံးရွာ၌ ဧက ၁၀၀၀၀ ကျော်ကို ကျေးရွာပိုင်ဘုံသစ်တောအဖြစ် ထပ်မံသတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။

“သူတို့သတ်မှတ်ပေးထားတဲ့ သစ်တောထဲမှာ တရားမဝင်သစ်ထုတ်တာ၊ သတ္တုတူးဖော်တာလုပ်ရင် KNU ရဲ့ သစ်တောဥပဒေအရ အရေးယူတာရှိတယ်။ ဒီအသိအမှတ်ပြု လက်မှတ်ကိုရပြီဆိုရင် ရွာသားတွေအနေနဲ့ စည်းကမ်းချက်တွေထုတ်ပြီး သူတို့ဘာသာစီမံခန့်ခွဲတယ်။ လုပ်လို့ရတဲ့ဟာနဲ့ လုပ်လို့မရတဲ့ဟာတွေကို သေချာသတ်မှတ်တယ်။ ဒီတော့ ဒီတောထဲမှာ စည်းမဲ့ကမ်းမဲ့လုပ်တာတွေကို စောင့်ကြည့်ပြီး အရေးယူတိုင်ကြားတာတွေ လုပ်လာနိုင်တယ်” ဟု ဒေသခံ ကရင်တိုင်းရင်းသားများ အရေးကူညီဆောင်ရွက်ပေးနေသည့် တာကပေါလူငယ်အဖွဲ့မှ အယ်ထီးဝါးက ပြောကြားသည်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) ၏ ထိန်းချုပ်နယ်မြေအတွင်းရှိ ထားဝယ်ခရိုင်အတွင်းမှ ယင်းဘန်းချောင်းဒေသတွင် ကျေးရွာကိုးရွာရှိပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၀ ရက်က KNU (ဗဟို)မှနေ၍ ဘန်းချောင်းဒေသ ခြောက်ရွာဖြစ်သော သဗြုချောင်းရွာတွင် ၈၁၂၀ ဧက၊ ကျောက်ထူးရွာတွင် ၂၉၁၄၀ ဧက၊ ကွမ်းချောင်းကြီးရွာတွင် ၈၇၀၀ ဧက၊ ကထောင်းနီရွာတွင် ၅၅၀၀ ဧက၊ ဆင်စွယ်ချောင်းရွာတွင် ၇၃၀ ဧကနှင့် မောင်မထူးရွာတွင် ၄၀၁၉ ဧက စုစုပေါင်း ၅၆၂၀၉ ဧကကို ကျေးရွာပိုင် ဘုံသစ်တောအဖြစ် ပထမဆုံးအကြိမ် သတ်မှတ် အသိအမှတ်ပြုလက်မှတ်ပေးခဲ့ကြောင်း၊ ရေလမ်းကိုသာ အဓိကအသုံးပြုရသည့် ဘန်းချောင်းဒေသမှာ ထားဝယ်မြို့၏ အရှေ့ဘက်တွင်တည်ရှိပြီး တနင်္သာရီမြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သော ဘန်းချောင်းမကြီး မြစ်ဖျားခံစီးဆင်းရာဒေသဖြစ်ကြောင်း၊ ယင်းဒေသမှာ သဘာဝသစ်တောကြီးများဖြင့် မပျက်စီးသေးသည့်အပြင် သယံဇာတကြွယ်ဝပြီး တရားမဝင်ရွှေတူးဖော်မှုများ၊ သစ်ထုတ်လုပ်မှုများ၊ ကျောက်မီးသွေးနှင့် သတ္တုတူးဖော်မှုများကြောင့် ဒေသခံများ ထိခိုက်မှုရှိနေသဖြင့် ယင်းလုပ်ငန်းများကို ဒေသခံများမှ တားဆီးနေသည့်အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် KNU တို့ထံ မကြာခဏ တိုင်ကြားမှုများလည်းရှိခဲ့သည်ဟု သိရသည်။

Most Read

Most Recent