ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး ကြိုးပမ်းနေမှု ဂုဏ်ပြုကြိုဆိုပွဲများ ပြုလုပ်

ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး ကြိုးပမ်းနေမှု ဂုဏ်ပြုကြိုဆိုပွဲများ ပြုလုပ်
Published 7 March 2018

ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်မှုကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ‘ပုဂံအမွေအနှစ် ကမ္ဘာသိစေဖို့ ဝိုင်းဝန်းကူညီကြပါစို့’ Let us bring Bagan's Wonders to the Heart of the World ဆောင်ပုဒ်နှင့် Bagan, A Different World ဓာတ်ပုံပြပွဲ ကြော်ငြာ Billboard စိုက်ထူသည့်အခမ်းအနားကို မတ် ၆ ရက်နံနက် ၈ နာရီက ညောင်ဦးမြို့ ရွှေစည်းခုံဘုရား အရှေ့ဘက်စောင်းတန်း အဝင်လမ်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အထက်မြန်မာပြည် ဓာတ်ပုံအသင်းနာယက ဒေါက်တာမောင်မောင်ကြီးနှင့် ဒေသခံအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပုဂံဒေသအား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ရောက်ရေး ကြိုးပမ်းမှုကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုဂံကို ချစ်မြတ်နိုးသော ဓာတ်ပုံပညာရှင်များ၏ Bagan, A Different World ဓာတ်ပုံပြပွဲကို ရွှေစည်းခုံဘုရား၊ တောင်ဘက်စောင်းတန်းတွင် မတ် ၂၃ ရက်မှ ၂၇ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် နှလုံးသားထဲကပုဂံအမည်ဖြင့် ဓာတ်ပုံပညာရှင်များ၏ ဓာတ်ပုံပြပွဲကို မတ် ၂ ရက်မှ ၄ ရက်အထိ ပုဂံ၊ မင်းနန်သူကျေးရွာ၊ လေးမျက်နှာဘုရားတွင် ပြုလုပ်ခဲ့သည်။

ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် တည်ရှိနေဆဲဖြစ်သော သို့မဟုတ် ကွယ်ပျောက်သွားခဲ့သော ယဉ်ကျေးမှုဓလေ့၊ သို့မဟုတ် မြို့ပြယဉ်ကျေးမှုတစ်ခု၏ အတုမရှိမှု သို့မဟုတ် ပြယုဂ်တစ်ခုအနေဖြင့် ကျန်ရှိနေမှု၊ လူ့သမိုင်းတွင် သိသာထင်ရှားရသော အဆင့်အတန်း သို့မဟုတ် ထို့ထက်ပိုစွာ ဖော်ပြပေးသော အဆောက်အအုံပုံစံများ၊ ဗိသုကာလက်ရာ နည်းပညာဆိုင်ရာ အစိတ်အပိုင်းများ၊ ရေမြေဒေသများ၊ လူသားအားလုံး အသိအမှတ်ပြု လက်ခံနိုင်သော အရေးပါထင်ရှားမှုများ၊ ရှင်သန်နေဆဲ ထုံးဓလေ့များ၊ အတွေးအခေါ်များ၊ ယုံကြည်၊ အနုပညာ၊ စာပေလက်ရာများဖြင့် ဆက်စပ်ဖြစ်ပျက်ခဲ့မှုများ စသည့်သတ်မှတ်စံနှုန်းများ Criteria ဖြင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။

ပုဂံဒေသအား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းရေးအတွက် တင်ပြချက်စာတွဲ Nomination Dossier ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင်လည်းကောင်း၊ စီမံခန့်ခွဲမှုအစီအစဉ် Management Plan တို့ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင်လည်းကောင်း ကမ္ဘာ့အမွေအနှစ်ဗဟိုသို့ တင်သွင်းခဲ့သည်။ ပုဂံဒေသအား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်းရာတွင် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ဒေသခံများ၏ ပူးပေါင်းပါဝင်မှုသည် လွန်စွာအရေးကြီးကြောင်း သိရသည်။

Most Read

Most Recent