တောင်ကြီးမြို့တွင် မင်းမဲ့စရိုက်ဆန်စွာ အုပ်စုလိုက်ဓားခုတ်မှုမှ ကျူးလွန်သူ ၁၆ နှစ်အောက် လူငယ်ခြောက်ဦးအား ဖမ်းဆီးရမိ

တောင်ကြီးမြို့တွင် မင်းမဲ့စရိုက်ဆန်စွာ အုပ်စုလိုက်ဓားခုတ်မှုမှ ကျူးလွန်သူ ၁၆ နှစ်အောက် လူငယ်ခြောက်ဦးအား ဖမ်းဆီးရမိ
Published 7 March 2018

တောင်ကြီးမြို့တွင် မင်းမဲ့စရိုက်ဆန်စွာ အုပ်စုလိုက် ဓားခုတ်မှုမှ ကျူးလွန်သူ ၁၆ နှစ်အောက် လူငယ်ခြောက်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း တောင်ကြီးမြို့မရဲစခန်းမှ သိရသည်။

ကျူးလွန်သူများတွင် အငယ်ဆုံးလူငယ်မှာ အသက် ၁၂ နှစ်အရွယ်ဖြစ်ပြီး အသက်အကြီးဆုံးမှာ ၁၆ နှစ်အရွယ်ဖြစ်ကြောင်း၊ တောင်ကြီးမြို့တွင် ညပိုင်းအချိန်များ၌ အုပ်စုလိုက် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း မတ် ၆ ရက်က တောင်ကြီးမြို့မရဲစခန်းတွင် ပြုလုပ်သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် တောင်ကြီးမြို့ အမှတ် (၂) ရဲစခန်းမှ စခန်းမှူး ရဲအုပ်စိုးမိုးအောင်က ပြောကြားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၈ ရက် ည ၇ နာရီခွဲက တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက်ရှိ တိုက် (၁၄) အခန်း (၁၀) တွင်နေထိုင်သူ နဝမတန်းကျောင်းသူ မနှစ်မြတ်သက်ဝင်းသည် ဆိုင်ကယ်ဖြင့် ဗိုလ်ချုပ်လမ်းအတိုင်း မောင်းနှင်လာစဉ် ညောင်ပင်သာလမ်းခွဲအရောက်တွင် ရှေ့မှဆိုင်ကယ်တစ်စီးအား ကျော်တက်ရာ ၎င်းဆိုင်ကယ်ပေါ်မှ လူငယ်နှစ်ဦးက ဆဲဆိုကြိမ်းမောင်းသဖြင့် နေအိမ်သို့ ဆိုင်ကယ်ြ့ပန်လှည့်မောင်းလာခဲ့ကြောင်း သိရသည်။

ယင်းသို့မောင်းနှင်လာစဉ် ၎င်းအားဆဲဆိုခဲ့သူအပြင် ဆိုင်ကယ်လေးစီးပေါ်ရှိ လူငယ်ခြောက်ဦးအနက် တစ်ဦးက အနောက်မှ ဓားရှည်ဖြင့်လှမ်းခုတ်ပြီး ရိုက်နှက်ခဲ့သဖြင့် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ကြီး အမှတ် (၂) နယ်မြေခံရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များက ကျူးလွန်သူများကိုစုံစမ်းခဲ့ရာ မတ် ၅ ရက် နံနက် ၉ နာရီခွဲတွင် တရားလိုက ၎င်းအား ရန်ပြုသူများအနက် ဓားဖြင့်ခုတ်သူ၏ Facebook အကောင့်အား တွေ့မြင်ခဲ့ကြောင်း၊ ယင်းအကောင့်အား စုံစမ်းရာ အထက (၅) တောင်ကြီးမှ ကျောင်းသားဖြစ်ကြောင်းတွေ့ရှိခဲ့သဖြင့် ထပ်မံစုံစမ်းရာ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ညောင်ဖြူစခန်းရပ်နေ မောင်ထူးခန့်ကျော်ဖြစ်ကြောင်း သိရသည်။

၎င်းမှာ ကျောင်းစည်းကမ်းဖောက်ဖျက်၍ ကျောင်းနေခွင့်ပိတ်ပင်ထားပြီး ပြင်ပမှ ၁၀ တန်းစာမေးပွဲဖြေဆိုရန် ခွင့်ပြုထားသူဖြစ်ကြောင်း စခန်းမှူးက ပြောကြားသည်။

ကျူးလွန်သူခြောက်ဦးမှာ ၁၂ နှစ်တစ်ဦး၊ ၁၃ နှစ် နှစ်ဦးနှင့် ၁၄ နှစ် လူငယ်နှစ်ဦး၊ ဓားဖြင့်ခုတ်သူ ၁၆ နှစ်တစ်ဦးတို့ဖြစ်ပြီး ၎င်းတို့အား ရာဇသတ်ကြီးပုဒ်မ ၂၉၄၊ ၃၂၆၊ ၃၂၃၊ ၁၁၄ တို့ဖြင့် သီးခြားစီအမှုဖွင့်ကာ ကျူးလွန်သူများကို ရဲစခန်းအချုပ်တွင် ထားရှိရန်ဖြစ်စေ၊ သက်ဆိုင်ရာ မိဘနေအိမ်တွင် အာမခံဖြင့်ထားရှိရန်ဖြစ်စေ သက်ဆိုင်ရာတရားသူကြီးက ဆုံးဖြတ်မည်ဖြစ်ကြောင်း စခန်းမှူးက ပြောကြားသည်။

ထို့ပြင် ဓားဖြင့်ခုတ်သောလူငယ်သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုရမည်ဖြစ်သဖြင့် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးတို့က စီစဉ်လျက်ရှိကြောင်း သိရသည်။

တောင်ကြီးမြို့တွင် မင်းမဲ့စရိုက်ဆန်စွာ အုပ်စုဖွဲ့ရမ်းကားခြင်းများကို ရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးနိုင်ခဲ့သော်လည်း တရားရုံးမှ ထိရောက်သောပြစ်ဒဏ်များ ချမှတ်အရေးယူရန် လိုအပ်ကြောင်း၊ ထိုသို့အရေးမယူဘဲ မကြာခဏ အာမခံဖြင့် ပြန်လွှတ်ပေးနေသဖြင့် လက်နက်ဖြင့် ရမ်းကားနေသူများကို အသက်အန္တရာယ်ကြားမှ ဖမ်းဆီးနေရသည့် အခက်အခဲများကို ရဲတပ်ဖွဲ့အနေဖြင့် ကြုံတွေ့နေရကြောင်း၊ လက်နက်ဖြင့် ရမ်းကားသူများကို ထိရောက်သောပြစ်ဒဏ်များ ချမှတ်ပေးနိုင်ရေးအတွက် တရားသူကြီးများတွင် မူတည်ကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့ဆီမှာ အခြားလုံခြုံရေး ဆိုက်တွေများနေတော့ စခန်းလူနဲ့လုပ်ဖို့က လုံခြုံရေးအင်အားနည်းပါးနေတယ်။ တောင်ကြီးမြို့မှာ စခန်းနှစ်ခုရှိတယ်။ မြို့မစခန်းနဲ့ နယ်မြေစခန်းပေါင်းစပ်မယ်။ ဆိုင်ကယ်တွေ၊ ယာဉ်တွေကို လိုအပ်သလိုစစ်ဆေးမယ်။ ဆိုင်ကယ်တွေ၊ ယာဉ်တွေမှာပါလာနိုင်တဲ့ လက်နက်တွေကို တွေ့ခဲ့မယ်ဆိုရင် လက်နက်ဥပဒေပုဒ်မ ၁၉ (င) နဲ့အမှုဖွင့်မယ်။ အရေးယူမယ်။ ထောင်ကျအောင်ချမယ်။ ကျွန်တော်တို့က အသက်အရွယ်ကြီးသူတွေထင်နေတာ ကလေးတွေဖြစ်နေတယ်” ဟု ရဲအုပ်စိုးမိုးအောင်က ပြောကြားသည်။

တောင်ကြီးမြို့မရဲစခန်းနှင့် နယ်မြေခံအမှတ် (၂) ရဲစခန်းတို့ပူးပေါင်းပြီး တောင်ကြီးမြို့တွင်း လူစည်ကားရာနေရာများနှင့် မှောင်ရိပ်ခိုပြီး ဒုစရိုက်မှုကျူးလွန်နိုင်သော နေရာများတွင် လှည့်လည်စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

Most Read

Most Recent