ထိုင်းနိုင်ငံသို့ထွက်ခွာသူ စံချိန်တင် မြင့်တက်နေဆဲဖြစ်ပြီး နှစ်လအတွင်း MoU လုပ်သားအဖြစ် ၃၂၀၇၉ ဦး ထွက်ခွာခဲ့

ထိုင်းနိုင်ငံသို့ထွက်ခွာသူ စံချိန်တင် မြင့်တက်နေဆဲဖြစ်ပြီး နှစ်လအတွင်း MoU လုပ်သားအဖြစ် ၃၂၀၇၉ ဦး ထွက်ခွာခဲ့
Published 7 March 2018

ထိုင်းနိုင်ငံသို့ထွက်ခွာမည့် မြန်မာလုပ်သားများအား တွေ့ရစဉ်

ပြည်တွင်း၌ စက်မှုဇုန်များ ဖော်ဆောင်နေသော်လည်း အလုပ်ရုံစက်ရုံ တည်ဆောက်မှု၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်မှုနည်းပါးခြင်းနှင့် လုပ်ခလစာနည်းပါးခြင်းတို့ကြောင့် ထိုင်းနိုင်ငံသို့ထွက်ခွာသူ စံချိန်တင် မြင့်တက်နေဆဲဖြစ်ကာ နှစ်လအတွင်း MoU လုပ်သားအဖြစ် အမျိုးသား အမျိုးသမီး ၃၂,၀၇၉ ဦး ထွက်ခွာခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် မြဝတီမဲဆောက်လမ်းမှ ထိုင်းနိုင်ငံသို့ MoU လုပ်သားအဖြစ် အမျိုးသား ၁၀၆၀၆ ဦးနှင့် အမျိုးသမီး ၆၃၈၂ ဦး၊ ဖေဖော်ဝါရီတွင် အမျိုးသား ၈၆၉၂ ဦး၊ အမျိုးသမီး ၆၄၁၇ ဦး ထွက်ခွာခဲ့ကြောင်း သိရသည်။

ပြည်တွင်း၌ အခြေခံလုပ်ခလစာ တစ်နေ့ကျပ် ၄၈၀၀ သတ်မှတ်ချိန်တွင် ထိုင်းနိုင်ငံ၏ အခြေခံလစာမှာ တစ်နေ့ ၃၁၅ ဘတ်သို့ တိုးမြှင့်လိုက်ပြီဖြစ်ခြင်းကြောင့် တစ်နေ့လုပ်အားခမှာ မြန်မာကျပ်ငွေနှင့် တွက်ဆလျှင် ကျပ် ၁၃၀၀၀ ခန့်ဖြစ်နေသည့်အတွက် မြန်မာလုပ်သားများ ထပ်မံထွက်ခွာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောကြားသည်။

“ပြည်ပနိုင်ငံတွေမှာ အလုပ်လျှောက်တာ၊ အလုပ်လုပ်တာ ဘာဘွဲ့ရမှဆိုတာမရှိပါဘူး။ ကိုယ်ဘာလုပ်နိုင်လဲဆိုတဲ့ ပေတံနဲ့ပဲတိုင်းတာပါတယ်။ ပြည်တွင်းမှာက အခြေခံအလုပ်ကအစ ဘာအောင်လက်မှတ်ရှိမှ ဘာထောက်ခံစာပါမှ ဆိုတာမျိုးရယ်၊ လုပ်အားခနည်းတာရယ်ကြောင့် ကျွန်တော်တို့နိုင်ငံသားတွေက ပြည်ပကို ထွက်ခွာနေကြဦးမှာဖြစ်ပါတယ်” ဟု မြဝတီမြို့မှ ကုန်သည်တစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ဆယ်စုနှစ်နှစ်ခုကျော် နေထိုင်ပြီး မြန်မာ့အလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသူ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “ထိုင်းနိုင်ငံအတွင်းမှာ မိခင်နိုင်ငံသားတွေ မလုပ်ချင်တဲ့အလုပ်ကြမ်း (Hard Work)၊ မလုပ်နိုင်တဲ့ အန္တရာယ်ရှိတဲ့အလုပ်တွေ (Dangerous)၊ ခက်ခဲကြမ်းတမ်းတဲ့အလုပ်တွေ (Difficult)၊ ညစ်ပတ်ပေတေတဲ့အလုပ်တွေ (Dirty) ဆိုတဲ့ 3D အလုပ်တွေကို လုပ်ရတယ်ဆိုပေမဲ့ ကိုယ့်နိုင်ငံမှာ အလုပ်ရုံစက်ရုံတွေ မဖွံ့ဖြိုးလာသမျှ သင့်တင့်တဲ့လုပ်အားခမရသမျှ လူ့စွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးနေဦးမှာဖြစ်ပါတယ်” ဟုပြောကြားသည်။

ယခုနှစ်တွင် ထိုင်းနိုင်ငံသို့ အမျိုးသားများနည်းတူ အမျိုးသမီးငယ်များစွာလည်း သွားရောက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

သို့သော် အထောက်အထားမရှိသူများအနေဖြင့် ဖမ်းဆီးခံရသူနှင့် ဖမ်းဆီးခံရမည်ကိုစိုးရိမ်ပြီး မြန်မာနိုင်ငံသို့ ပြန်လာနေသူများလည်းရှိကာ ဇွန်၂၉ ရက်မှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကုန်ထိ ၆၀၀၀၀ ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent