ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ဆောက်လုပ်ဆဲ အဆောက်အအုံများ ရပ်ဆိုင်းခိုင်းထားခြင်း မရှိကြောင်း ရန်ကုန်မြို့တော်ဝန် ပြောကြား

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ဆောက်လုပ်ဆဲ အဆောက်အအုံများ ရပ်ဆိုင်းခိုင်းထားခြင်း မရှိကြောင်း ရန်ကုန်မြို့တော်ဝန် ပြောကြား
Published 7 March 2018

ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ဆောက်လုပ်ဆဲ အဆောက်အအုံများကို ရပ်ဆိုင်းခိုင်းထားခြင်း မရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မတ် ၆ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး (ဒသမနေ့) တွင် ပြောကြားသည်။

အဆိုပါကိစ္စအား တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ရန်ကုန်တိုင်း အတွင်းရှိ ဆောက်လုပ်ဆဲ အဆောက်အအုံများ ရပ်ဆိုင်းထားသည်ကို ပြန်လည်စိစစ်ပြီး ခွင့်ပြုသင့်သည်များကို ဆက်လက် ဆောင်ရွက်ခွင့်ပြုရန် အစီအစဉ်ရှိ မရှိ သိရှိလိုကြောင်း မေးခွန်းကို မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြန်လည် ဖြေကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ ဆောက်လုပ်ဆဲ အဆောက်အအုံများ ရပ်ဆိုင်းထားသည်ကို ပြန်လည်စိစစ်ပြီး ခွင့်ပြုသင့်သည်များကို ဆက်လက်ဆောင်ရွက်ခွင့်ပြုရန် အစီအစဉ်ရှိ မရှိ မေးခွန်းကို ဖြေရမယ်ဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နမိတ်အတွင်းမှာ အထူးသဖြင့် အထပ်မြင့် အဆောက်အအုံတွေကို လက်ရှိ တည်ဆဲ လုပ်ထုံးလုပ်နည်းများနဲ့အညီ စိစစ်ဆောင်ရွက် နိုင်ဖို့အတွက် ၂၀၁၆ မေ ၁၄ ရက်မှာ လုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းထားရန် နိုင်ငံပိုင်သတင်းစာမှာ ထည့်သွင်းကြေညာခဲ့ပါတယ်။ အဲဒါလည်း စုစုပေါင်း အဆောက်အအုံ ၁၂ လုံးပဲ ဖြစ်ပါတယ်။ ဒီဟာက အကူးအပြောင်း ကာလအတွင်းမှာ ဒီ ၁၂ လုံးအနေနဲ့ အရင်က ချမှတ်ထားတဲ့ ခွင့်ပြုချက်များနဲ့အညီ ဆက်လက်ဆောက်လုပ်ခြင်းရှိ မရှိဆိုတာကို ပြန်စစ်ဖို့အတွက် ခေတ္တရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။ ရပ်ဆိုင်းထားတဲ့ အထပ်မြင့် အဆောက်အအုံတွေကို မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှု စစ်ဆေးရေး ကော်မတီမှ လက်ရှိတည်ဆဲ လုပ်ထုံးလုပ်နည်းများနဲ့ ပြန်လည်စိစစ်ပြီးတော့ များမကြာမီမှာပဲ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၇ ရက်ကစပြီးတော့ လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ဖို့ ခွင့်ပြုပေးထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ မြို့နယ်များမှာ ဆောက်လုပ်ဆဲ အဆောက်အအုံတွေကို ရပ်ထားတာ မရှိပါဘူး။ အားလုံးကိုလည်း အမြန်ဆုံး ပြန်လည်စိစစ်ပြီးတော့ ချထားပေးလျက် ရှိပါတယ်” ဟု ဦးမောင်မောင်စိုးက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ဆောက်လုပ်ဆဲ အဆောက်အအုံများ ရပ်တန့်ထားခြင်းသည် လုပ်ငန်းရှင်များအတွက် များစွာနစ်နာမှုရှိကြောင်း၊ လုပ်သားများ အတွက်လည်း အလုပ်အကိုင်ရှားပါးမှု နစ်နာဆုံးရှုံးမှုများ ကြုံနေရကြောင်း၊ ထို့ကြောင့် ရပ်တန့်ထားသည့် အဆောက်အအုံများတွင် ခွင့်ပြုနိုင်သည် အဆောက်အအုံများ ပါရှိသလို ခွင့်မပြုနိုင်သည့် အဆောက်အအုံများလည်း ပါရှိကြောင်း၊ ယင်းတို့ကို ပြန်လည်စိစစ်ပြီး ဆောင်ရွက်ရန် တင်ပြခြင်းဖြစ်ကြောင်း တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းက ပြောကြားသည်။