ဒီးမော့ဆိုမြို့နယ် ပန်ပက်ရွာအဝင်မှစ၍ ခင်းထားသောလမ်းမှာ ဘဏ္ဍာနှစ်တစ်နှစ်အတွင်း ရန်ပုံငွေနှစ်ကြိမ် အသုံးပြုထားကြောင်း တိုင်ကြားမှုကြောင့် ပြည်နယ်ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ ကွင်းဆင်းစစ်ဆေး

ဒီးမော့ဆိုမြို့နယ် ပန်ပက်ရွာအဝင်မှစ၍ ခင်းထားသောလမ်းမှာ ဘဏ္ဍာနှစ်တစ်နှစ်အတွင်း ရန်ပုံငွေနှစ်ကြိမ် အသုံးပြုထားကြောင်း တိုင်ကြားမှုကြောင့် ပြည်နယ်ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ ကွင်းဆင်းစစ်ဆေး
Published 7 March 2018

ပန်ပက်ရွာအဝင်မှစ၍ ခင်းထားသောလမ်းအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးနေစဉ်

ကယားပြည်နယ် ကြေးကွင်းစွပ် ကယန်းတိုင်းရင်းသားများ နေထိုင်ရာ ဒီးမော့ဆိုမြို့နယ် ပန်ပက်ရွာအဝင်မှစ၍ ခင်းထားသောလမ်းမှာ ဘဏ္ဍာနှစ် တစ်နှစ်အတွင်း ရန်ပုံငွေနှစ်ကြိမ် အသုံးပြုထားကြောင်း ပြည်သူများမှ တိုင်ကြားလာသောကြောင့် ပြည်နယ်ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေး အဖွဲ့မှ မတ် ၆ ရက်တွင် ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

“ပြည်ထောင်စုဘတ်ဂျက်နဲ့ ပြည်နယ်ဘတ်ဂျက် နှစ်ခါထပ်နေလို့ သွားရောက်စစ်ဆေးတာဖြစ်တယ်။ ပြည်ထောင်စုဘတ်ဂျက်နဲ့ ပြည်နယ်ဘတ်ဂျက် ထပ်စရာအကြောင်း လုံးဝမရှိဘူး။ ပြည်သူတစ်ဦးက တိုင်ကြားလို့ သွားရောက် စစ်ဆေးတာဖြစ်တယ်” ဟု ပြည်နယ်ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ အတွင်းရေးမှူး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

၂၀၁၆-၂၀၁၇ နယ်စပ်ဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ပြည်ထောင်စုဘဏ္ဍာရန်ပုံ ငွေကျပ်သန်း ၁၀၆ ဒသမ ၂၅၇ ဖြင့် ကျောက်ချောလမ်းလုပ်ငန်းနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံ ငွေကျပ်သန်း ၁၆၇ ဒသမ ၃၂၆ ဖြင့် ကတ္တရာလမ်း လုပ်ငန်း ဆောင်ရွက်မှုကို စစ်ဆေးတွေ့ ရှိရကြောင်း ပြည်သူငွေစာရင်း စောင့်ကြည့် စစ်ဆေးရေးအဖွဲ့ထံမှ သိရသည်။

ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်း လုပ်ငန်းတည်နေရာ တစ်ခုတည်းတွင် ကျောက်ချောခင်းခြင်းနှင့် ကတ္တရာခင်းခြင်းလုပ်ငန်း နှစ်ရပ်အား ခွင့်ပြုရန်ပုံငွေ နှစ်မျိုးဖြင့် တစ်ပြိုင်တည်း ဆောင်ရွက်သည်ကို တွေ့ရှိရသောကြောင့် ကွင်းဆင်းစစ်ဆေးကြခြင်း ဖြစ်ကြောင်း သိရသည်။

ထိုလုပ်ငန်းများကို နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တင်ဒါအောင်မြင်ခဲ့ကြသော SOL Co.,Ltd မှ ကျောက်ချောနှင့် ကတ္တရာခင်းခြင်းကို လုပ်ဆောင်ပြီး ၂၀၁၇ မတ်လတွင် လည်းကောင်း၊ ဒွာရာမြေကုမ္ပဏီမှ ကတ္တရာခင်းခြင်းကို လုပ်ဆောင်ပြီး ၂၀၁၇ ဇွန်လတွင် လည်းကောင်း ဌာနသို့ လုပ်ငန်းလွှဲပြောင်း အပ်နှံခဲ့ကြောင်း သိရသည်။

ထိုလမ်းလုပ်ငန်း ဆောင်ရွက်ရာ နေရာသည် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း စီမံကိန်း ဖော်ဆောင်ရာ ကြေးကွင်းစွပ် ကယန်းတိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာများ တည်ရှိရာနေရာဖြစ်ပြီး ရှမ်းပြည်နယ် မိုးဗြဲမြို့သို့ တိုက်ရိုက်လွယ်ကူစွာ သွားနိုင်သော လမ်းလည်းဖြစ်ကြောင်း သိရသည်။

လွှတ်တော်မှ ဖွဲ့စည်းပေးထားသော ပြည်နယ် ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေး အဖွဲ့သည် အစိုးရသစ် တက်လာပြီးနောက် လွှတ်တော်မှ ဖွဲ့စည်းပေးလိုက်သည့် အရပ်သားများနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့ထားသောအဖွဲ့ဖြစ်ပြီး ပြည်နယ်တွင်းရှိ ဆောင်ရွက်ဆဲ ဆောင်ရွက်ပြီး လုပ်ငန်းများအား သွားရောက်စစ်ဆေးရာတွင် အရည်အသွေး မမီခြင်းများ အများဆုံး တွေ့နေရဆဲဖြစ်ကြောင်း သိရသည်။

Most Read

Most Recent