ဘုရားဖူးခရီးသည်များ တင်လာသည့်ယာဉ်တစ်စီး သစ်ပင်ကိုဝင်တိုက်ရာ လူ ၂၀ ကျော် ဒဏ်ရာရ

ဘုရားဖူးခရီးသည်များ တင်လာသည့်ယာဉ်တစ်စီး သစ်ပင်ကိုဝင်တိုက်ရာ လူ ၂၀ ကျော် ဒဏ်ရာရ
Published 6 March 2018

ဘုရားဖူးခရီးသည်များ တင်လာသည့် Express ယာဉ်တစ်စီး လမ်းဘေးသစ်ပင်ကို ဝင်တိုက်ရာ လူ ၂၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်မှာ မတ် ၅ ရက် ညနေပိုင်းက အောင်လံမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါယာဉ်မှာ အောင်လံမြို့အထွက် တောင်ဗွေကျေးရွာအနီး ကားလမ်းဘေးရှိ သစ်ပင်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်ခေါင်းပိုင်းတွင် ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး ဒဏ်ရာရရှိသူများကို အောင်လံမြို့ရှိ ပရဟိတအသင်းများက ယာဉ်များဖြင့် အောင်လံဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“ကျွန်မတို့က တောင်တွင်းကြီးမြို့နယ် ပန်းတောကြီးကျေးရွာကပါ။ ကျိုက်ထီးရိုးဘုရားနဲ့ ချောင်းသာဘက်ကို ဘုရားဖူးရင်း အပန်းဖြေခရီးသွားဖို့ ကားငှားပြီးသွားတာပါ။ အပြန်ခရီးကျမှ ဒီလိုဖြစ်တာပါ။ ကားပေါ်မှာ လူ ၃၀ ကျော် ပါပါတယ်။ သစ်ပင်နဲ့ တိုက်မိတဲ့နေရာက လူနှစ်ဦးကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပါတယ်။ ကားတိုက်မှုဖြစ်ပြီး ညပ်နေလို့ သူတို့ကို ဆွဲတောင်ထုတ်ခဲ့ရတယ်။ ကျန်တဲ့လူတွေက မများဘူးဆိုရင် ပွန်းပဲ့ဒဏ်ရာရတယ်။ တချို့လူတွေ လက်တွေ ခြေထောက်တွေ ကျိုးသွားသလို မျိုးတွေလည်းရှိတယ်” ဟု ဘုရားဖူးကားပေါ်တွင် လိုက်ပါလာသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

“ကားပေါ်မှာ တောင်တွင်းကြီးကရော သရက်မြို့နယ်ကလူတွေရော ပါပါတယ်။ သရက်က ပါလာတဲ့လူတွေက ကားမောင်းသူနဲ့ ဆွေမျိုးတွေလို့ သိရပါတယ်။ အများစုက တောင်တွင်းကြီးက ဘုရားဖူးသူတွေပါ။ သရက်က အမျိုးသမီးတစ်ယောက်ကို ကျွန်တော်တို့ ပရဟိတအဖွဲ့ထဲက လူတစ်ယောက်က သွေးလှူထားရပါတယ်။ တချို့လူတွေကိုလည်း ပြည်ဆေးရုံပို့ဆောင်ဖို့ လုပ်ဆောင်နေရပါတယ်။ ဒဏ်ရာရတဲ့လူက ၂၀ ကျော်ပါတယ်”   ဟု အောင်လံမြို့နယ် မေတ္တာမွန်ပရဟိတအသင်းမှ တာဝန်ရှိသူ ဦးလှဦးက ဆိုသည်။

ဒဏ်ရာရရှိသူများတွင် ကလေးငယ်များလည်းပါဝင်ပြီး ယာဉ်တိုက်မှုကြောင့် သေဆုံးသူ မရှိကြောင်း သိရသည်။

 

 

Most Read

Most Recent