ထိုင်းနိုင်ငံတွင် အိမ်အကူလုပ်ကိုင်နေသူများကို ကာကွယ်ပေးရေးဆိုင်ရာ ဥပဒေသစ် ပြဋ္ဌာန်း

ထိုင်းနိုင်ငံတွင် အိမ်အကူလုပ်ကိုင်နေသူများကို ကာကွယ်ပေးရေးဆိုင်ရာ ဥပဒေသစ် ပြဋ္ဌာန်း
Published 6 March 2018

ထိုင်းနိုင်ငံတွင် အိမ်အကူလုပ်ကိုင်နေသူများကို ကာကွယ်ပေးရေးဆိုင်ရာဥပဒေသစ်တစ်ရပ်ကို Department of Labour Protection and Welfare (DLPW) မတ် ၄ ရက်က ပြဋ္ဌာန်းလိုက်ကြောင်း ထိုင်းနိုင်ငံအတွင်းနေထိုင်ပြီး မြန်မာလုပ်သမားဆောင်ရွက်နေသူများထံမှ သိရသည်။

ယင်းကဲ့သို့ နိုင်ငံခြားသား အိမ်အကူ အလုပ်သမားများအတွက် ပြဋ္ဌာန်းလိုက်သည့် ဥပဒေသစ်ကြောင့် ထိုင်းနိုင်ငံ တနံတလျားတွင် လုပ်ကိုင်နေကြသည့် အိမ်အကူမိန်းကလေးများအတွက် ဥပဒေ၏ အကာအကွယ်ကို ရသွားမည်ဖြစ်သည်ဟု မဲဆောက်တွင်နေထိုင်ပြီး အလုပ်သမားအရေးကို ၁၀ နှစ်ကျော်ကြာ ကူညီဆောင်ရွက်ပေးနေသူလည်းဖြစ်၊ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

“ဒီဥပဒေထဲမှာ ထိုင်းနိုင်ငံတွင်း အိမ်အကူအဖြစ် လုပ်ကိုင်နေသူများကို ကာကွယ်ပေးရေးဆိုင်ရာ ဥပဒေသစ်ထဲမှာ အချိန်ပြည့် နားရက်မရှိဘဲ ခိုင်းစေတာတွေကို မလုပ်ဖို့၊ အိမ်အကူအလုပ်သမားကို ငှားရမ်းစေခိုင်းတဲ့အခါမှာ အသက် ၁၅ နှစ်အောက်၊ အသက်မပြည့်သူတွေကို ခိုင်းစေတာတွေမလုပ်ဖို့၊ တစ်ပတ်မှာ နားရက်တစ်ရက်ပေးဖို့ စတဲ့အချက်တွေ ပါဝင်တာပါ။ ဒီလို ဥပဒေထုတ်လိုက်တဲ့အတွက် အိမ်အကူအဖြစ် လုပ်ကိုင်နေရတဲ့သူတွေအတွက် ဥပဒေရဲ့ အကာကွယ်ရနိုင်တော့မှာ ဖြစ်ပါတယ်”ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

ထို့ပြင် အိမ်အကူလုပ်ကိုင်နေရသူ မိန်းကလေးများသည် ပြင်ပလောကနှင့် အဆက်အသွယ်ပြတ်နေရပြီး ညှင်းပန်းနှိပ်စက်ခံရမှုများလည်းရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

“ထိုင်းနိုင်ငံမှာ အိမ်အကူလုပ်နေတဲ့သူတွေအဖို့ကတော့ နာရီသတ်မှတ်ချက်မရှိဘဲ အိမ်ရှင်မနိုးခင် ကြိုတင်အိပ်ယာထရပြီး အိမ်ရှင်အိပ်ပြီးမှ နားရတာမျိုးတွေကို အများစုက ကြုံနေရတယ်ဗျ။ အထူးသဖြင့် စက်ရုံ အလုပ်ရုံတွေနဲ့ မတူကွဲပြားစွာဘဲ အိမ်ထဲမှာ နေထိုင်ရတာမို့ ပြင်ပလောကနဲ့လည်း အဆက်သွယ် ဖြတ်ခံထားရတာမျိုးတွေ ရှိတယ်။ အိမ်ထဲမှာ နှိပ်စက်ညှဉ်းပမ်းခံရတာမျိုးတွေရှိတယ်။ လိင်ပိုင်းဆိုင်ရာ မတော်မတရားစော်ကားခံရတာ မျိုးတွေရှိတယ်။ လူမသိ သူမသိ သတ်ဖြတ်ခံရတာမျိုးတွေလည်း ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် အိမ်အကူတွေရဲ့ဘဝဟာ စိတ်ဖိစီးမှုတွေနဲ့ လုပ်ကိုင်ရတာမျိုးတွေကို ကြုံနေကြရဆဲဖြစ်ပါတယ်”ဟု  ဦးမိုးကြိုးကပြောကြားသည်။

ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်လျက်ရှိသည့် မြန်မာလုပ်သားအများစုမှာ ရေလုပ်ငန်း၊ အသားထုတ်လုပ်ရေးလုပ်ငန်း၊ ပင်လယ် ရေထွက်ပစ္စည်းစက်ရုံများတွင် အများဆုံး လုပ်ကိုင်လျက်ရှိကြောင်း သိရပြီး အချို့မှာ အိမ်ဖော်လုပ်ငန်းများတွင်လည်း လုပ်ကိုင်လျက်ရှိသည်။

 

 

Most Read

Most Recent