ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးတွင် မွေးမြူထားသည့် ကမ္ဘာ့ရှားပါးစာရင်းဝင်ကြယ်လိပ်များ အကောင်ရေတိုးပွားလာသဖြင့် တောထဲသို့ ပြန်လွှတ်မည်

ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးတွင် မွေးမြူထားသည့် ကမ္ဘာ့ရှားပါးစာရင်းဝင်ကြယ်လိပ်များ အကောင်ရေတိုးပွားလာသဖြင့် တောထဲသို့ ပြန်လွှတ်မည်
Published 6 March 2018

မွေးမြူထားသည့် ရှားပါးစာရင်းဝင် ကြယ်လိပ်များအားတွေ့ရစဉ်

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်အတွင်းရှိရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးတွင် ခြံဖြင့် မွေးမြူထားသည့် ကမ္ဘာ့ရှားပါးစာရင်းဝင် ကြယ်လိပ်များအကောင်ရေ ၅၀၀ အထိ တိုး ပွားလာသောကြောင့် ပထမဆုံးအကြိမ်အဖြစ် အကောင်ရေ ၁၅၀ ကို ယခုနှစ်အတွင်း တောထဲသို့ ပြန်လွှတ်မည်ဟု အဆိုပါအုပ်ချုပ်ရေးမှူးရုံး ဦးစီးအရာရှိ ဦးဝင်းနိုင်ထံမှ သိရသည်။

ကမ္ဘာ့ရှားပါးစာရင်းဝင်ကြယ်လိပ် အထီးခြောက်ကောင်နှင့် အမခြောက်ကောင်ကို ၁၉၉၆ ခုနှစ်က ဘေးမဲ့တောအုပ်ချုပ်ရေးမှူး ရုံးဝင်းအတွင်း သီးသန့်ခြံဖြင့် စတင်မွေးမြူခဲ့ကြောင်း သိရသည်။ ၂၀၁၈ ခုနှစ်တွင် အကောင်ရေ ၅၀၀ အထိတိုးပွားလာသောကြောင့် ဘေးမဲ့တောအတွင်း သဘာဝအတိုင်း ကျင်လည်ကျက်စားနိုင်ရန် ပြန်လွှတ်ပေးမည် ဖြစ်ကြောင်းသိရသည်။

“တောရိုင်းတိရစ္ဆာန်တွေက လူတွေဖမ်းဆီးမှုတွေကြောင့် မျိုးသုဉ်းလုနီးတွေ ဖြစ်ကုန်ရတာပါ။ ဒါကြောင့် ပြည်သူတွေက သဘာ၀ တောရိုင်းတိရစ္ဆာန်တွေနဲ့ပတ်သက်တဲ့ အသိပညာတွေ ပွင့်လင်းလာပြီး ဝိုင်းဝန်းထိန်းသိမ်းဖို့ စိတ်တွေလည်းရှိလာစေချင်ပါတယ်။ ဧက သိန်းနဲ့ချီကျယ်ဝန်းတဲ့ ဘေးမဲ့တောဧရိယာထဲမှာ ပြည်သူတွေကိုယ်တိုင် ပူးပေါင်းပါဝင်လာမှ တောရိုင်းတိရစ္ဆာန်တွေ ကာကွယ် စောင့်ရှောက်မှုကို ထိထိရောက်ရောက်လုပ်ကိုင်နိုင်မှာပါ။ အရင်နှစ်တုန်းကတော့ သမင်ဖမ်းသူနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟု ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံး ဦးစီးအရာရှိ ဦးဝင်းနိုင်က ပြောကြားသည်။

ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် မင်းဘူး (စကု)၊ ပွင့်ဖြူ၊ စေတုတ္တ ရာ၊ ငဖဲမြို့နယ်လေးခုတို့ဖြင့် ဧရိယာထိစပ်နေပြီး စုစုပေါင်း ၁၁၄၆၈၇ ဒသမ ၇၁ ဧက ကျယ်ဝန်းကြောင်း သိရသည်။ ထိုအတောအတွင်း ကမ္ဘာ့ရှားပါးစာရင်းဝင် ကြယ်လိပ်များသာမက ရွှေသမင်၊ စွေ့၊ နဖားကြူးစသည့် တောရိုင်းတိရိစ္ဆာန်များ ရှင်သန်ကျက်စားလျက်ရှိကြောင်း သိရသည်။

ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း ၂၀၁၃ ခုနှစ်က စာရင်းကောက်ယူ တွက်ချက်မှုအရ ကမ္ဘာ့ရှားပါးစာရင်းဝင် ရွှေသမင်ကောင်ရေ ၁၅၀၀ ခန့် ရှင်သန်ကျက် စားလျက်ရှိကြောင်း သိရသည်။ ၂၀၁၃ ခုနှစ် ကစတင်၍ ရွှေစက်တော်ပွဲတော်အဝင် လှေတင်တံတားအနီး ရွှေသမင်ဘေးမဲ့တော ဥယျာဉ်ခြံအတွင်းထားရှိခဲ့သည့် ရွှေသမင်များသည်လည်း မူလအကောင်ရေ ၁၃ ကောင်မှ ယခုအချိန်တွင် အကောင်ရေ၂၀ အထိ တိုးပွားလာကြောင်း သိရသည်။

ကမ္ဘာ့ရှားပါးစာရင်းဝင် ကြယ်လိပ်များကို ဆီချိုလိပ် သို့မဟုတ် ပန်းလိပ်ဟုလည်း ခေါ်ဝေါ်လေ့ရှိပြီး ရွှေစက်တော်ဘုရားပွဲတော်အတွင်းရှိ သဘာဝတောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးပြခန်းတွင်လည်း ကြယ်လိပ်များကို ပြသထားလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ ရွှေသမင်ကောင်ရေပျံ့နှံ့မှုကို အခြေအနေသည် ၁၉၇၀ ခုနှစ်က အပူပိုင်းဇုန်ရှိ မြို့နယ်ပေါင်း ၃၄ မြို့နယ်တွင် ရွှေသမင် အကောင်ရေ ၄၀၀၀ ခန့်ရှိခဲ့ရာမှ ၁၉၉၄ ခုနှစ်တွင် မြို့နယ်ပေါင်း ၂၈ မြို့နယ်တွင် ရွှေသမင်ကောင်ရေ ၂၂၀၀ ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။ ၂၀၀၇ ခုနှစ်အထိ မှတ်တမ်းများအရ ၁၄ မြို့နယ်တွင်သာ ရွှေသမင်များကျန်ရှိတော့ကြောင်း ရွှေစက်တော်တော ရိုင်းတိရစ္ဆာန်ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံး မှတ်တမ်းများအရ သိရသည်။

Most Read

Most Recent