ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းလိုသည့် လူဦးရေ ၈၀၀၀ ကျော်စာရင်းတွင် သတ်မှတ်အချက်အလက်များနှင့် ပြည့်စုံခြင်းမရှိသဖြင့် ဖြည့်သွင်းပေးပို့ရန် အကြောင်းကြားထား

ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းလိုသည့် လူဦးရေ ၈၀၀၀ ကျော်စာရင်းတွင် သတ်မှတ်အချက်အလက်များနှင့် ပြည့်စုံခြင်းမရှိသဖြင့် ဖြည့်သွင်းပေးပို့ရန် အကြောင်းကြားထား
Published 6 March 2018

ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းလိုသည့် လူဦးရေ ၈၀၀၀ ကျော် စာရင်းတွင် သတ်မှတ်အချက်အလက်များ ပြည့်စုံခြင်းမရှိသဖြင့် ပြန်လည်ဖြည့်သွင်းပေးပို့ရန် အကြောင်းကြားထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် မတ် ၄ ရက်က ပြုလုပ်သည့် အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီအစည်းအဝေးအပြီးတွင် မီဒီယာများအား ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့သည့်စာရင်းများတွင် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို လက်ခံလိုက်နာပါမည်ဆိုသည့် အချက်အပါအဝင် လိုအပ်သည့်အချက်အတော်များများကို ဖြည့်သွင်းထားခြင်းမရှိသည်ကို တွေ့ရကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

“၈၀၀၀ စာရင်းပေးလိုက်ပါတယ်။ ပေးလိုက်တဲ့နေရာမှာ နှစ်နိုင်ငံ MoU ထိုးထားတယ်ပေါ့နော်။ အဲဒီမှာ သတ်မှတ်ပုံစံတွေ ပေးလိုက်ပါတယ်။ အဲဒီပုံစံအတိုင်း တစ်ဖက်က ဖြည့်သွင်းပေးတာမရှိပါဘူး။ ဥပမာအားဖြင့် မိသားစုစာရင်းပါရမယ်။ မိသားစုဝင်ဓာတ်ပုံပါရမယ်။ အိမ်ထောင်ဦးစီး ဓာတ်ပုံပါရမယ်။ ပြီးရင် မိသားစုဝင်မှာရှိတဲ့ လူတစ်ဦးချင်းစီ  ဓာတ်ပုံပါရမယ်။ အဲဒါတွေပါမလာဘူး။ ပြီးရင် သူတို့ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ လက်ဗွေပုံစံပါတွေ ပါမလာပါဘူး။ ပြီးရင် သူ တို့သည် မည်သူတွေရဲ့ဖိအားပေးခြင်းမှမဟုတ်ဘဲ မိမိသဘောဆန္ဒအလျောက် ပြန်လာခြင်း ဖြစ်ပါတယ်ဆိုတဲ့ ဝန်ခံကတိလည်းပါလာတာ မရှိပါဘူး။ ပြီးရင် မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိတဲ့အခါ သူတို့အနေနဲ့ တည်ဆဲဥပဒေများကို လက်ခံလိုက်နာဆောင်ရွက်ပါမယ်လို့ ဝန်ခံကတိပြုပါတယ်ဆိုတဲ့အချက်လည်း ပါ  မလာပါဘူး။ ဆိုတော့ သတ်မှတ်ပုံစံအတိုင်း မဖြစ်လာဘူးလို့ပဲ ပြောရမှာပါ” ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့သည့်စာရင်းများကို အမြန်ဆုံး စိစစ်အတည်ပြုရန် လူအင်အား၊ စက်ပစ္စည်းအင်အားများ တို့ချဲ့ဆောင်ရွက်နေကြောင်း၊ ပေးပို့သည့်စာရင်းများတွင် လိုအပ် ချက်များရှိနေသည်ကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြန်လည်ပေးပို့ထားကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

“သူတို့ပေးတဲ့စာရင်းထဲကနေ မိမိနိုင်ငံမှာနေတာ တကယ်သေချာတဲ့ အထောက်အထားရှိတဲ့သူတွေစစ်တာ။ အခုနကပြောတဲ့အရေအတွက် (၁၇၀၀ ကျော်) လောက်ပဲ ရပါသေးတယ်။ အဲဒါကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် သတ်မှတ်တဲ့ MoU ပုံစံ အတိုင်းပဲပြန်ပေးပါဆိုတာကို။ အခုနက ရှင်းပြတဲ့အချက်တွေအပါအဝင် လိုအပ်ချက်တွေရှိနေတယ်ဆိုတာကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပို့ပြီးဖြစ်ပါတယ်။ သို့သော် သူတို့ပေးတဲ့ အချက်တွေကို မြန်မြန်ဆန်ဆန် လက်ခံနိုင်အောင်လို့ ဒီမှာရှိတဲ့ဝန်ထမ်းတွေနဲ့ စိစစ် ဆောင်ရွက်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

စစ်ဆေးအတည်ပြုပြီး ပြန်လည်လက်ခံနိုင်မည့် လူဦးရေစာရင်းများကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှတစ်ဆင့် ပြန်လည်ပေးပို့သွားမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှာ လွှဲပြောင်းပေးရန် အဆင်သင့် ဖြစ်ချိန်တွင် နှစ်နိုင်ငံညှိနှိုင်းကာ လက်ခံပေး သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

Most Read

Most Recent