မတ်လအတွင်း ပထမဦးဆုံး ဘင်္ဂါလီ ၆၀၀ ကျော် နေရပ်စွန့်ခွာခဲ့ပြီး ဖေဖော်ဝါရီအတွင်း နေရပ်စွန့်ခွာဘင်္ဂါလီ ၂၀၀၀ ကျော်ရှိကြောင်း သိရ

မတ်လအတွင်း ပထမဦးဆုံး ဘင်္ဂါလီ ၆၀၀ ကျော် နေရပ်စွန့်ခွာခဲ့ပြီး ဖေဖော်ဝါရီအတွင်း နေရပ်စွန့်ခွာဘင်္ဂါလီ ၂၀၀၀ ကျော်ရှိကြောင်း သိရ
Published 6 March 2018

မတ်လအတွင်း ပထမဦးဆုံး ဘင်္ဂါလီ ၆၀၀ ကျော် နေရပ်စွန့်ခွာခဲ့ပြီး ဖေဖော်ဝါရီလအတွင်း နေရပ်စွန့်ခွာ ဘင်္ဂါလီ ထောင်ကျော်ရှိခဲ့ကြောင်းပြည်ထဲရေးမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက  မောင်တောမြို့နယ် ဂေါ်ဒူသာရချောင်း၀ ပင်လယ်ကမ်းခြေ၌ ရောက်ရှိနေသော နေရပ်စွန့်ခွာ ဘင်္ဂါလီ ၁၈၇ ဦးတို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ စက်လှေသုံးစီးဖြင့် နောက်ဆုံး ထွက်ခွာခဲ့ခြင်းဖြစ်ပြီး  နောက်ပိုင်း တစ်ပတ်အကြာ မတ်လ ၄ ရက်က ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၇ ရွာမှနေရပ်စွန့်ခွာ ဘင်္ဂါလီ  ၆၆၆  ဦးသည် မောင်တောတောင်ပိုင်း ကမ်းခြေသို့ ထပ်မံရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါနေရပ်စွန့်ခွာ ဘင်္ဂါလီများအား  သက်ဆိုင်ရာမှ မေးမြန်းခဲ့ရာ အကြမ်းဖက်ဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်း နေစရာ၊ စားစရာ နှင့်အလုပ်အကိုင် အခက်အခဲရှိသဖြင့် ၎င်းတို့ ဆန္ဒအလျောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ရန် ထွက်ခွာလာကြောင်း သတင်းထုတ် ပြန်ချက်တွင် ပါဝင်သည်။

ယင်းမတိုင်မီ ဖေဖော်ဝါရီတွင် နေရပ်စွန့်ခွာမှု သုံးကြိမ်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်က ဘူးသီးတောင် မြို့နယ်အတွင်းရှိ ကျေးရွာ ၁၃ ရွာမှ  ဘင်္ဂါလီ  ၇၀၀ ကျော်၊ ဖေဖော်ဝါရီ ၁၁ ရက်ကလည်း ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောာင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ ရွာမှ နေရပ်စွန့်ခွာ ဘင်္ဂါလီ  ၈၀၀  ကျော်နှင့် ဖေဖော်ဝါရီ ၄ ရက်က ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာ ၁၆ ရွာတို့မှ ဘင်္ဂါလီ ၇၈၈ ဦးတို့ သည် မောင်တောမြို့နယ်တောင်ပိုင်း ဂေါ်ဒူသာရ ချောင်းဝပင်လယ်ကမ်းခြေသို့ ရောက်ရှိခဲ့ကြောင်း ပြည်ထဲရေးမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အကြမ်းဖက်ဖြစ်စဉ်ကြောင့် တစ်ဖက် နိုင်ငံသို့ ထွက်ပြေးသွားသူများအား ပြန်လည်လက်ခံရေးအစီအစဉ်ကို မြန်မာနိုင်ငံမှ  ဇန်နဝါရီ ၂၃ ရက်က စတင်နေပြီဖြစ်သော်လည်း တစ်ဦးတစ်ယောက် ပြန်လာခြင်းမရှိသေးကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်နေစဉ်အတွင်းမှာပင် ဖေဖော်ဝါရီလအတွင်း နေရပ်စွန့်ခွာ ဘင်္ဂါလီ ၂၄၀၀ ကျော် တစ်ဖက်နိုင်ငံသို့ ထွက်ခွာခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်တွင် ဘင်္ဂါလီများက မောင်တောမြို့ရှိ ရဲကင်းစခန်း ၃၀ ကျော်အား အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် အစိုးရက နယ်မြေရှင်းလင်းခဲ့ရာ ဘင်္ဂါလီများက ထွက်ပြေးခဲ့ကြောင်း၊ ထွက်ပြေးဘင်္ဂါလီများတွင် အကြမ်း ဖက်သမားများ ပါဝင်ကြောင်း အစိုးရက ထုတ်ပြန်ကြေညာထားသည်။

ထွက်ပြေးဘင်္ဂါလီများကို မြန်မာအစိုးရ က စိစစ်ပြီး ပြန်လည်လက်ခံမည်ဟု ကြေညာထားပြီး အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်သူများကို အရေးယူမည်ဟု အစိုးရက ကြေညာထားသည်။

 

 

Most Read

Most Recent