၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ သန်း ၁၃၇၀၀ ဖြစ်ရန်ခန့်မှန်းထားပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာ သန်း ၂၉၀ သာ ဖြစ်ပေါ်မည်ဟု လျှော့ချခန့်မှန်း

၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ သန်း ၁၃၇၀၀ ဖြစ်ရန်ခန့်မှန်းထားပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာ သန်း ၂၉၀ သာ ဖြစ်ပေါ်မည်ဟု လျှော့ချခန့်မှန်း
Published 6 March 2018

နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သော မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)

၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်နှင့် သွင်းကုန်တန်ဖိုးနှစ်ရပ်ပေါင်း ကုန်သွယ်မှု ပမာဏ ကို ဒေါ်လာ သန်း ၁၃၇၀၀ ဖြစ်ရန် ခန့်မှန်းထားပြီး ကုန်သွယ်မှုလိုငွေကို ဒေါ်လာ သန်း ၂၉၀ သာ ဖြစ်ပေါ်မည်ဟု လျှော့ချခန့်မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉ ဘီလျံခန့်မှန်းခဲ့ပြီး အဆိုပါဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာသန်း ၁၄၀၀၀ နှင့် သွင်းကုန်တန်ဖိုး ဒေါ်လာ သန်း ၁၅၀၀၀ ဟု ခန့်မှန်းထားပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာ တစ်ဘီလျံရှိမည်ဟု ခန့်မှန်းခဲ့ရာမှ မကြာမီစတင်မည့် ၂၀၁၈ ဘဏ္ဍာနှစ်တိုခြောက်လတွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ သန်း ၁၃၇၀၀ နှင့် ကုန်သွယ်မှုလိုငွေကို ဒေါ်လာ သန်း ၂၉၀ သာဖြစ်ပေါ်မည်ဟု လျှော့ချခန့်မှန်းခဲ့ခြင်း ဖြစ်သည်။

ထိုသို့ လက်ရှိဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာတစ်ဘီလျံသာရှိမည်ဟု လျာထားသော်လည်း သွင်းကုန်တင်သွင်းမှုမြင့်တက်နေသဖြင့် ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ လေးဘီလျံနီးပါးအထိ ဖြစ်ပေါ်နေကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၂၈၆၁၃ ဒသမ ၂၄၁ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၄၀၄၆ ဒသမ ၅၇၀ သန်း ပိုမိုခဲ့ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၁၆ ရက် အထိ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၈ ဘီလျံကျော်တွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၁၄၃၉ ဒသမ ၃၂၉ သန်းနှင့် နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၇၁၇၃ ဒသမ ၉၁၂ သန်းပါဝင် ကြောင်း သိရသည်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၃၅၃၉ ဒသမ ၈၅၀ သန်းပိုမိုခဲ့ ပြီး နယ်စပ်ကုန်သွယ်မှုပမာဏမှာမူ ယခင် ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၅၀၆ ဒသမ ၇၂၀ သန်းပိုမိုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ် ပြန်သည့် ကုန်သွယ်မှုဆိုင်ရာစာရင်းများအရ သိရသည်။

လက်ရှိဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏ ဒေါ်လာ၂၈ ဘီလျံကျော်တွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၂၄၀၀ ဒသမ ၂၅၅ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၆၂၁၂ ဒသမ ၉၈၆ သန်း ပါဝင်ကြောင်း သိရသည်။ သွင်းကုန်တန်ဖိုးမှာ ပို့ကုန်တန်ဖိုးထက် များပြားနေသဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၃၈၁၂ ဒသမ ၇၃၁ သန်း ဖြစ်ပေါ်နေကြောင်း သိရသည်။ ယခင်ဘဏ္ဍာနှစ် ကာလတူတွင်မူ ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၄၀၅၁ ဒသမ ၉၆၅ သန်း ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကုန်သွယ်မှုဆိုင်ရာစာရင်းများအရ သိရသည်။

ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာ နိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent