အမ်းမြို့နယ်၌ တရားမဝင် ဝင်ရောက်လာသူ ဘင်္ဂါလီနှစ်ဦးနှင့်အတူ ခေါ်ဆောင်လာသူများအား ဖမ်ဆီးရမိ

အမ်းမြို့နယ်၌ တရားမဝင် ဝင်ရောက်လာသူ ဘင်္ဂါလီနှစ်ဦးနှင့်အတူ ခေါ်ဆောင်လာသူများအား ဖမ်ဆီးရမိ
Published 6 March 2018

အမ်းမြို့နယ်၌ တရားမဝင် ဝင်ရောက်လာသူ ဘင်္ဂါလီနှစ်ဦးနှင့်အတူ ခေါ်ဆောင်လာသူ အမျိုးသားခုနစ်ဦးကို မတ် ၄ ရက်က ဖမ်ဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၄ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်က အမ်းမြို့နယ် ပတ်ကွေ့ကျေးရွာအနီး အမ်း-မင်းဘူး ကားလမ်းမိုင်တိုင် ၈၈/၆ လမ်းဝဲဘက်တောထဲ၌ တရားမဝင် ဝင်ရောက်သူများ ရောက်ရှိနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များနှင့် လဝကများ ပါဝင်သော ဦးစီးပူးပေါင်းအဖွဲ့က သွားရောက်ရှာဖွေရာ အဘူတာဟတ် (၁၄ နှစ်)အပါအဝင် ဘင်္ဂါလီ အမျိုးသားနှစ်ဦးအား တွေ့ရှိခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ဘင်္ဂါလီနှစ်ဦးမှာ မြောက်ဦးမြို့နယ် ဘူးတစ်လုံးအုပ်စု မြောင်းဘွေရွာနေ အဘူတာဟတ် (၁၄ နှစ်) (ဘ)ကာလူနှင့် မာမောက်တာလောင် (၂၈ နှစ်) (ဘ ) မာမောက်ကော်ရိန်တို့ဖြစ်ပြီး ၎င်းတို့ နှစ်ဦးအား စစ်မေးရာ ၎င်းတို့အား အောင်ကျော်ကျော် (၃၇ နှစ်) အပါအဝင် အမျိုးသားခုနစ်ဦးက ခေါ်ဆောင်လာပြီး ပတ်ကွေ့ ကျေးရွာအနီး စိုက်ခင်းတွင် ပုန်းအောင်းနေကြောင်း ထွက်ဆိုသဖြင့် သွားရောက် ရှာဖွေရာ ၎င်းတို့အား ဆိုင်ကယ်တစ်စီး၊ နံပါတ် မပါ Mark II မော်တော်ယာဉ်တစ်စီးနှင့် အတူထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဘင်္ဂါလီများကို ခေါ်ဆောင်လာသူများဖြစ်သည့်နေပြည်တော် ပုဗ္ဗသီရိမြို့နယ်နေ အောင်ကျော်ကျော် (၃၇ နှစ်) (ဘ) ဦးအုန်းမြင့် အပါအဝင် ခုနစ်ဦး (ဖမ်းမိ) အား အမ်းမြို့မရဲခစန်းက (ပ)၂၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၆၇ (ကျွန်ပြုရန်လူခိုးမှု) ဖြင့် အမှုဖွင့်ဆောင်ရွက် လျက်ရှိပြီး ကွင်းဆက်တရားခံများအား ဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိကြောင်းနှင့် ၎င်းတို့ အသုံးပြုသည့် Mark II ယာဉ်၊ ဆိုင်ကယ်တို့ နှင့်ပတ်သက်၍ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း၊ အဘူတာဟတ် အပါအဝင်နှစ်ဦးအား လဝကအက်ဖြင့် လည်းကောင်း အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Most Read

Most Recent