မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ကမ်းပြိုကာကွယ်ရေးဆောင်ရွက်နေသည့် နေရာ ၁၉ ခုရှိပြီး မတ်လကုန် အပြီးဆောင်ရွက်မည်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ကမ်းပြိုကာကွယ်ရေးဆောင်ရွက်နေသည့် နေရာ ၁၉ ခုရှိပြီး မတ်လကုန် အပြီးဆောင်ရွက်မည်
Published 6 March 2018

ဧရာဝတီမြစ်ကြောင်းတစ်နေရာတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် ကမ်းပြို ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေသည့်နေရာ ၁၉ ခုရှိပြီး လက်ရှိတွင် လုပ်ငန်းဆောင်ရွက်မှု ၅၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကာ မတ်လကုန်တွင် ရာနှုန်းပြည့်ပြီးစီးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေ ရင်းမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။

မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကျမှုဖြစ်ပေါ်သည့်နေရာများအနက် ဘဏ္ဍာနှစ်၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ၊ ပြည်ထောင်စု အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေများဖြင့် တိုင်းဒေသကြီးအတွင်းရှိ ကမ်းပြိုကျမှုဖြစ်ပေါ်သည့် နေရာ စုစုပေါင်း ၁၉ နေရာအားနှစ်နေရာတွင် ကမ်းပြိုကာကွယ်ရေးအဖြစ် ကျောက်ဖြည့်မျောကရစ်တန်း၊ မျောတိုင်တန်းကျောက်ဖြည့်ရေကာ၊ သဲအိတ်ခံကျောက်စီရေကာ၊ Steel Baskst အခြေပြုကျောက်စီတမံ၊ ကွန်ကရစ်ပိုင်အခြေပြု ကျောက်စီတမံ အစရှိ သည့် ရေကာများတည်ဆောက်ခြင်းကို ပုဂ္ဂလိကလုပ်ငန်းရှင်များအား တင်ဒါခေါ်ယူ၍ ပြီးခဲ့သည့် ရေကျချိန် ဇန်နဝါရီလတွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကမ်းပြိုကာကွယ်ရေးလုပ်ငန်းရဲ့ သဘာဝကိုက ရေနည်းတဲ့အချိန်မှာပဲ အားသွန်ခွန်စိုက်လုပ်ရတာဖြစ်ပြီး ဘတ်ဂျက်နှစ်ရဲ့ သဘောတရားအရ ဘတ်ဂျက်နှစ်ကုန် အပြီးလုပ်ရမှာဖြစ်တယ်။ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်လောက်ကစပြီး သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေနဲ့ ဆောင်ရွက်ခဲ့တာဖြစ်တယ်။  အရင်တုန်းက ပြည်ထောင်စုအစိုးရအဖွဲ့ ရန်ပုံငွေနဲ့ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်တွေမှာ ရေလမ်းကောင်းမွန်ဖွံ့ဖြိုးရေးပဲ လုပ်ခဲ့တယ်။ အခုနောက်ပိုင်းမှာမှ ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီး နှစ်စဉ်ဆောင်ရွက်လာတာဖြစ်တယ်။ ဒီနှစ်မှာဆိုရင် မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ကမ်းပြိုကာကွယ်ရေးလုပ်ဖို့ နေရာ ၁၉ နေရာအတွက် ခွင့်ပြုရန်ပုံငွေရတယ်။ အကုန်လုံးမတ်လအပြီး ဆောင်ရွက်မှာဖြစ်ပြီး လုပ်ငန်းသဘောသဘာဝအရ မြစ်ရေအနည်းဆုံအချိန်မှာ ဆောင်ရွက်ရတာဖြစ်တာကြောင့် အချို့နေရာတွေမှာ ဆောင်ရွက်မှုနောက်ကျတာတွေ၊ တချို့ လုပ်ငန်းအခက်အခဲရှိတဲ့နေရာတွေမှာတော့ ဧပြီလကုန်လောက်မှ ပြီးစီးနိုင်မယ်” ဟု ရေရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန (မန္တလေး) မှ တိုင်းဦးစီးမှူး ဦးတိုးအောင်လင်းက ပြောကြားသည်။

ကမ်းပြိုကာကွယ်ရေး တည်ဆောက်ရေး လုပ်ငန်းများကို စဉ့်ကူးမြို့နယ်ရှိ ဆီသည်၊ ဟင်္သာဖို၊ ရွာသာယာ၊ ဆင်သေ၊ မတ္တရာမြို့နယ်တွင် ဇီးဖြူကုန်း၊ ရွာတန်းရှည်၊ ပုဂံစု၊ ကုန်းတန်းကြီး၊ တံတားဦးအင်းဝဒေသတွင် အိုးတုတ္ထန်း၊ ဈေးချို၊ မြင်းခြံမြို့နယ်တွင် လေးအိမ်တန်းရွာ၊ ငါန်းဇွန်မြို့နယ်တွင် ငါန်းဇွန်နှင့် ရက္ခဒီပ၊ ညောင်ဦးမြို့နယ်တွင် လောကနန္ဒာဘုရား ကမ်းပြိုကာကွယ်ရေးနှင့် အမရပူရမြို့နယ်တွင် ဖရဲကျွန်းအရှေ့၊ ဖရဲကျွန်းအနောက်နှင့် သပိတ်တန်းစသည့် နေရာများတွင် ရေလမ်းကြောင်းပေါ်မူတည်၍ တိုက်ရိုက်ကာ ကွယ်ကမ်းထိန်းနံရံတည်ဆောက်ခြင်းများနှင့် ရေလွှဲ၊ ရေကာ ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ရေလမ်းကြောင်းအရ အရေးကြီးကာ အဆင့်ဆင့်ဆောင်ရွက်ရမည့်နေရာများကို ရေရင်းမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောက်လုပ်ခြင်းဖြစ်ရာ ဌာနမှဆောင်ရွက်နေသည့်နေရာကိုးခုရှိပြီး ကုမ္ပဏီများမှ ဆောင်ရွက်နေသည့်နေရာ ၁၀ ခုရှိကြောင်း မတ်လအတွင်း ပြီးစီးရန်လျာထားကြောင်း သိရသည်။

Most Read

Most Recent