တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအရှေ့ဘက် ဘုရားတောင်အနီးတစ်ဝိုက်တွင် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များနှင့် KNU အောက်ခြေတပ်ဖွဲ့ ပစ်ခတ်မှုဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအရှေ့ဘက် ဘုရားတောင်အနီးတစ်ဝိုက်တွင် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များနှင့် KNU အောက်ခြေတပ်ဖွဲ့ ပစ်ခတ်မှုဖြစ်ပွား
Published 5 March 2018

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာ အရှေ့ဘက် ဘုရားတောင်အနီးတစ်ဝိုက်၌ မွန်ပြည်သစ် ပါတီတပ်ဖွဲ့ဝင်နှင့် KNU အောက်ခြေအဖွဲ့ကြား မတ် ၄ ရက် နံနက် ၈ နာရီခွဲခန့်က ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

မတ် ၃ ရက် ညနေပိုင်းက အလယ်စခန်း ကျေးရွာမှ ခြံသမားရွာသား ၄၀ ခန့်အား အင်အား ၂၀ ခန့်ရှိ KNU တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကြောင့် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှင်းလင်းပစ်ခတ်ခြင်း ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီနေ့မနက်ပိုင်းမှာ ကျွန်တော်တို့နဲ့ KNU အောက်ခြေကတပ်တွေနဲ့ ထိတွေ့မှု ဖြစ်တယ်ဆိုတာ မှန်ပါတယ်။ မနေ့က (မတ် ၃ ရက်) ညနေ ၅ နာရီလောက်မှာ အလယ်ကျေးရွာက ရွာသား ၄၀ ဝန်းကျင်လောက်ကို ဖမ်းထားပြီးတော့ အလယ်စခန်းရွာ အရှေ့ဘက်ခြမ်းက ကျွန်တော်တို့စခန်းနဲ့ ကပ်ကပ်ပဲလေ။ ကိုက် ၃၀၀ လောက်ပဲဝေးတယ်။ အဲဒီမှာ ရောက်နေတယ်။ ဒီနေ့မနက် ကျွန်တော်တို့က သတင်းကြားပြီး အခြေအနေသွားကြည့်ပြီးတော့ ခဏပစ်ကြတယ်။ အခုရွာသားတွေရွာကို ပြန်ရောက်လာကြပြီ” ဟု အဆိုပါ မွန်ပြည်သစ်ပါတီတာဝန်ရှိသူက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ရွာသား ၄၀ ဝန်း ကျင်လောက်ရှိမယ်။ အလယ်စခန်းရွာကပါ။ အခုရွာကိုပြန်ရောက်နေကြပါပြီ။ အခုလည်းရွာကို ရဲတွေရောက်နေကြပြီးတော့ မေးမြန်းနေတယ်လို့ သိရပါတယ်။ တိုက်ပွဲကတော့ ခဏလေးပဲဖြစ်တာပါ။ ပစ်နေတုန်းမှာ ရွာသားတွေ ထွက်ပြေးလွတ်မြောက်သွားကြတာပါ။ နှစ်ဖက်စလုံးလည်း ဘာမှမဖြစ်ကြဘူး။ ရွာသားတွေလည်း ဘာမှမဖြစ်ကြဘူး။ အခုတော့ အားလုံးပြီးကုန်ပြီ။ အေးဆေးပဲ။ ဘာမှမဖြစ်တော့ဘူး။ ကိစ္စကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ ပြဿနာလည်း မဟုတ်ဘူး။ တပ်အောက်ခြေအဆင့်တွေက ဒီလိုပဲ။ နယ်မြေဆက်စပ်တဲ့နေရာတွေမှာတော့ တစ်ခါတလေ ဖြစ်လေ့ရှိပါတယ်။ ဒါကလည်း လူကြီးတွေ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ကြမှာပေါ့” ဟု ပြောကြားသည်။

“အဲဒါကို ကျွန်တော်တို့လည်း သေချာမသိရသေးဘူး။ ကျွန်တော်က အခု လောခီး လာကိုတက်ဖို့ ဘားအံရောက်နေတာ။ အဲဒါကို အတိအကျမသိသေးလို့ လှမ်းနားထောင်နေတယ်။ အခုတောင် တိုက်ပွဲဖြစ်နေတယ်လို့ ကြားတာ။ အဲဒါလည်း ဟုတ် မဟုတ်ဆိုတာ ပြန်ပြီးသေချာအောင် လုပ်နေတာ။ ဖြစ်တဲ့နေရာကတော့ အရင်ကဖြစ်ခဲ့တဲ့နေရာမှာပဲ” ဟု KNU တပ်မဟာ-၄ (မြိတ်-ထားဝယ်ခရိုင်) ဆက်ဆံရေးရုံးတာဝန်ခံ ဖဒိုစောဝင်းခိုင်က ပြောကြားသည်။

“မနေ့က ရွာသားတွေကို ကရင်ကခေါ်သွားပြီးတော့ ထားဝယ်ချောင်းဖျားက ဘုရားတောင်ဘက်မှာ ထားထားတာမှာ ဒီနေ့မနက်က ပစ်ကြတယ်ပေါ့။ ရွာသားတွေကို ကရင်က ထိန်းထားတယ်။ မွန်စစ်သားတွေကို အဲဒီမှာ ဝင်လာတော့ ပစ်ခတ်မှုတွေဖြစ်တယ်လို့ကြားပါတယ်။ အခုတော့ ရွာသားတွေ ရွာကိုပြန်ရောက်လာပြီ။ KNU က ရွာသားတွေကို သုံးရက်အတွင်းမှာ ကိုယ့်ခြံကိုမထွက်ကြဖို့မှာ ထားပါတယ်” ဟု အလယ်စခန်းကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲပိုင်းကလည်း မွန်ပြည်သစ်ပါတီနှင့် KNU/KNLA တပ်ဖွဲ့တို့မွန်ပြည်နယ် ခေါဇာမြို့မာန်အောင် ကျေးရွာအနီးတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း၊ ဇန်နဝါရီလအတွင်း မာန်အောင်ကျေးရွာ အရှေ့ဘက်တွင် သစ်ခုတ်သမား ၃၂ ဦးကို မွန်ပြည်သစ်ပါတီမှ ဖမ်းဆီးမိခဲ့ပြီးနောက် KNU ဝင်း ရေးမြို့နယ်သို့ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက်ပိုင်း သစ်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ပစ်ခတ်မှုအချို့ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

Most Read

Most Recent