ဝမ်းတွင်းမြို့နယ် သခွတ်မြင့်ကျေးရွာတွင် တက္ကသိုလ်ဝင်တန်းကျောင်းသားက လေးနှစ်အရွယ် မိန်းကလေးအား သားမယားပြုကျင့်မှု ဖြစ်ပွား

ဝမ်းတွင်းမြို့နယ် သခွတ်မြင့်ကျေးရွာတွင် တက္ကသိုလ်ဝင်တန်းကျောင်းသားက လေးနှစ်အရွယ် မိန်းကလေးအား သားမယားပြုကျင့်မှု ဖြစ်ပွား
Published 5 March 2018

ဝမ်းတွင်းမြို့နယ် သခွတ်မြင့်ကျေးရွာတွင် တက္ကသိုလ်ဝင်တန်းကျောင်းသားက လေးနှစ်အရွယ် ကလေးငယ်အား သားမယားပြုကျင့်မှုဖြစ်ပွားသဖြင့် အရေးယူပေးပါရန် တိုင်တန်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မတ် ၂ ရက် နံနက်အရုဏ်တက်ချိန်တွင် ဝမ်းတွင်းမြို့နယ် သခွတ်မြင့်ကျေးရွာနေ မ---- (၃၅) နှစ်သည် ဆွမ်းချက်ရန် အိပ်ရာထစဉ် သမီးဖြစ်သူ မ----- လေးနှစ်မှ အိမ်သာတက်ချင်သဖြင့် လိုက်ပို့ပေးခဲ့စဉ် နာကျင်သည်ဟုပြော၍ စစ်ဆေးခဲ့ရာ ဒဏ်ရာများတွေ့ရှိရသဖြင့် မေးမြန်းခဲ့ပြီး မတ် ၁ ရက်က တစ်ရွာတည်းနေ မောင်----(၁၅) နှစ် တက္ကသိုလ်ဝင်တန်းကျောင်းသား၏ အဘိုးအဘွားနေအိမ်အတွင်း ဒန်းသွားစီးစဉ် မောင်------ က နေအိမ်အနောက်ခန်းအတွင်းခေါ်ကာ သားမယားပြုကျင့်ခဲ့ကြောင်း ပြောသဖြင့် မိခင်ဖြစ်သူက ရွှေတောင်နယ်မြေ ရဲစခန်းတွင် မောင်------အား အရေးယူပေးပါရန် တရားလိုပြုလုပ် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးချက်အရ သိရသည်။

“အသက်မပြည့်သေးတဲ့ ကောင်လေးကို မန္တလေး လူငယ်လေ့ကျင့်ရေးသင်တန်းကျောင်းမှာ တရားသူကြီးအမိန့်အရ သွားပို့ထားပါတယ်။ ကောင်လေးကတစ်ရွာတည်း နေတဲ့ကောင်မလေးကို ကျူးလွန်လိုက်တာပါ။ ကောင်လေးက ငယ်စဉ်ကတည်းက အဘိုးအဘွားနဲ့ပဲ နေတာပါ။ ကလေးမလေးရဲ့ ကျန်းမာရေးအခြေအနေ ကောင်းပါတယ်။ စိုးရိမ်စရာ မရှိပါဘူး။ အခြားတော့ ပြောစရာမရှိသေးပါဘူး” ဟု ရွှေတောင်ရဲစခန်းမှ စခန်းမှူးရဲအုပ်ဘုန်းကျော်က မတ် ၄ ရက် နံနက်ပိုင်းက ပြောကြားသည်။

“အခု ဒီလပိုင်းထဲမှာပဲ မိတ္ထီလာနားက ကျေးရွာမှာ အသက်(၁၁)နှစ်ကလေးကို နဝမတန်းကျောင်းသားက သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့တယ်။ အခုတစ်ခါ ဝမ်းတွင်းမြို့နယ် ထဲကကျေးရွာမှာ လေးနှစ်သမီးကို တက္ကသိုလ် ဝင်တန်းကျောင်းသားက သားမယားကျင့်မှု ဖြစ်တယ်။ ဒီဖြစ်စဉ်တွေကို လေ့လာကြည့်တော့ သားသမီးတွေကို အင်တာနက်တွေ ပေးသုံးတယ်။ ဖုန်းထဲကနေ မကောင်းတဲ့ဟာ တွေကြည့်ပြီး လက်တည့်စမ်းလိုက်တယ်။ ဒီသဘောလေးတွေ သွားတွေ့ရတယ်။ အစိုးရအနေနဲ့ ဖုန်းဆိုင်တွေကနေ ညစ်ညမ်းကား တွေ ၁၀၀၀ ဖိုးသုံးပုဒ် ကူးပေးနေတာတွေ၊ Facebook ၊ အင်တာနက်ဝက်ဘ်ဆိုက်တွေ ကနေ ညစ်ညမ်းကားတွေ ကြည့်နေတာတွေကို တားဆီးဖို့ နည်းလမ်းတစ်ခုခုရှာသင့်ပြီ။ နောက်တစ်ခုက ယောက်ျားလေးတွေက လက်တည့်စမ်းချင်တဲ့အရွယ် လိင်ပညာပေးတွေ ထိထိရောက်ရောက် မလုပ်နိုင်တော့ နှစ်ဖက်စလုံး ဒုက္ခရောက်ကုန်ကြပြီ” ဟု မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါအမှုအား ဝမ်းတွင်းမြို့နယ် ရွှေတောင်ရဲစခန်းမှ (ပ)၁၅/ ၂၀၁၈ ရာဇသတ် ကြီးပုဒ်မ ၃၇၆/ ၃၇၃ ဖြင့်အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent