အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှပဲမျိုးစုံကို Quota စနစ်ဖြင့် တင်သွင်းခွင့်ပြုမည်ဖြစ်သဖြင့် Quota ရရှိရေး မတ်လနောက်ပိုင်းတွင် မြန်မာ-အိန္ဒိယ ဆွေးနွေးမည်

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှပဲမျိုးစုံကို Quota စနစ်ဖြင့် တင်သွင်းခွင့်ပြုမည်ဖြစ်သဖြင့် Quota ရရှိရေး မတ်လနောက်ပိုင်းတွင် မြန်မာ-အိန္ဒိယ ဆွေးနွေးမည်
Published 4 March 2018

အုတ်တွင်းမြို့နယ်အတွင်း မတ်ပဲများနုတ်သိမ်းနေသည်ကို ဖေဖော်ဝါရီလလယ်က တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်)

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှ ပဲမျိုးစုံကို Quota စနစ်ဖြင့် တင်ပို့ ခွင့်ပြုမည်ဖြစ်သဖြင့် ယင်း Quota ရရှိရေး မတ်လနောက်ပိုင်းတွင် မြန်မာ-အိန္ဒိယဆွေးနွေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“Government to Government ကတော့ တောက်လျှောက် ဆွေးနွေးနေပါတယ်။ ပြည်ထောင်စုဝန်ကြီးဆိုလည်း အိန္ဒိယကို သွားတိုင်း ဆွေးနွေးပါတယ်။ ဆွေးနွေးတော့ သူတို့ရဲ့အပိုင်းက ဘယ်လိုဖြစ်မလဲဆိုရင် သူတို့က ပိတ်တာမဟုတ်ဘူး။ Quota သတ်မှတ်တဲ့ စနစ်ပေါ့။ Quota သတ်မှတ်တဲ့စနစ် အပေါ်မှာတော့ ဥပမာအားဖြင့် နိုင်ငံမှာ သူစားသုံးဖို့လိုအပ်တာကို သူ့နိုင်ငံက ထုတ်လုပ်တာနဲ့ တော်တော်များများ ပြည့်စုံနေပြီဆိုရင် သူက လိုသလောက်ပဲ သွင်းတော့မယ်။ အဲဒီလို သွင်းတဲ့ဟာအတွက်ကိုတော့ ကျွန်တော်တို့ဘက်က Quota ရရှိရေးက မတ်လနောက်ပိုင်းမှာ ပြန်ပြီးဆွေးနွေးပေးမယ် ပြောပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောကြားသည်။

“အခုကတော့ အိန္ဒိယဘက်က ဘာရှိသွားလဲဆိုတော့ သူတို့အရင်က ကုန်ချောပစ္စည်းကို ထုတ်လုပ်ဖို့ သူတို့ပြည်တွင်းမှာ ပစ္စည်းရှားနေတော့ ကုန်ချောတွေ Export လုပ်ဖို့ ပိတ်ထားတယ်။ ပြီးခဲ့တဲ့လေး၊ ငါးလကတော့ ဒါကို ပြန်ဖွင့်ပေးလိုက်တယ်။ ဖွင့်ပေးလိုက်တော့ ဘာတစ်ခုရလာလဲဆိုတော့ သူတို့ရဲ့ Re-Export ပေါ့နော်။ မြန်မာနိုင်ငံက ကုန်ကြမ်းကို ဝယ်လိုက်မယ်။ ပြီးရင် ဒါကို Process လုပ်လိုက်မယ်။ ကုန်ချောဖြစ်သွားမယ်။ ဥပမာ-ပဲဆိုရင် ခွဲခြမ်းပေါ့။ အဲဒါမျိုးကို ပြန်ပို့မယ့် လုပ်ငန်းစဉ်တစ်ခုပေါ့နော်။ အဲဒီလို လုပ်ငန်းစဉ်တစ်ခုလည်း ရှိလာနိုင်တဲ့အတွက် ဒါကလည်း မြန်မာနိုင်ငံအတွက် ထွက်ပေါက်တစ်ခုပေါ့နော်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံမှ ပဲကို အဓိကတင်ပို့နေသည့် အိန္ဒိယနိုင်ငံက ပဲတင်သွင်းမှု ကန့်သတ်လိုက်သော်လည်း ယခုနှစ်အတွင်း ပြည်ပသို့ ပဲတင်ပို့မှု လျော့ကျခြင်းမရှိကြောင်း၊ သို့သော်လည်း ဈေးနှုန်းကျဆင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ပဲက မနှစ်ကနဲ့စာရင် ဒီနှစ်က ဈေးကျသွားတာပဲရှိတယ်။ တင်ပို့မှုက မကျဘူး။ ပိုတောင်များနေသေးတယ်။ သူတို့ဘက်က ပိတ်ပေမယ်လို့ ဒါက သူ့နည်းသူ့ဟန်နဲ့တော့ ရောင်းနေရတယ်။ တချို့ကလည်း ကန့်သတ်ချက်ရှိပေမယ့် မကန့်သတ်တဲ့ အပိုင်းတွေကလည်း ရောင်းလို့ရတဲ့ အပိုင်းတွေရှိတယ်။ ဒါကြောင့်မို့လို့ ပဲတင်ပို့မှု မလျော့သွားဘူး။ ဈေးနှုန်းပဲ လျော့သွားတာ။ ဈေးနှုန်းလျော့ပေမယ့်လို့ ထုတ်လုပ်သူကို ထိခိုက်လောက်တဲ့အဆင့်အထိ ထိရောက်တာမျိုး သိပ်မရှိပါဘူး။ ရှိလာရင်လည်း လေ့လာပြီးတော့ အကူအညီပေးဖို့ အမြဲတမ်း စောင့်ကြည့်နေပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောကြားသည်။

ထို့ပြင် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံအကြား ပဲတင်ပို့မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ဌာနဆိုင်ရာ အချက်အလက်များအရ သိရသည်။

“MoU ထိုးဖို့ဆိုတာမှာ စိုက်ပျိုးထုတ်လုပ်မယ့်အပိုင်းမှာတော့ စိုက်ပျိုးရေးနဲ့စပြီး လုပ်နေပါတယ်။ ရောင်းဝယ်မှုအပိုင်းမှာတော့ G to G ရောင်းဝယ်မှုဆိုတာ ရှိပါတယ်။ အဲဒီမှာ ပြန်လည်ဆွေးနွေးနေပါတယ်။ G to G ဆိုတဲ့နေရာမှာ ဈေးနှုန်းကိစ္စလေးတွေ ဆွေးနွေးနေပါတယ်။ အနိမ့်ဆုံးဈေးနှုန်းနဲ့ ဝယ်မယ်ဆိုတာမျိုးကို ကျွန်တော်တို့က ဘယ်လိုအထိလုပ်လို့ရမလဲ ဆိုတာမျိုးပေါ့။ ဒါကတော့ ဦးတို့ဘက်က ပြန်ကမ်းလှမ်းထားတယ်။ ဒါပေမဲ့လည်း တစ်ဖက်က ဒီဟာအပေါ်မှာ သူတို့ဝယ်မယ့်ဟာမှာ ပေါက်ဈေးဆိုတဲ့ဟာကို သိပ်ပြီးမလိုလားဘူး။ ဈေးနှုန်းတစ်ခုအတွင်းမှာ ဝယ်မယ်ဆိုတဲ့ဟာမျိုး ရှိတဲ့အတွက် ဒါကို ဆက်ပြီးညှိနှိုင်း ဆွေးနွေးရပါဦးမယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောကြားသည်။

Most Read

Most Recent