လတ်တလော ဓာတ်အားလိုချက်အရ ကာလတိုအနေဖြင့် သဘာဝဓာတ်ငွေ့ကို ဝယ်ယူအသုံးပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

လတ်တလော ဓာတ်အားလိုချက်အရ ကာလတိုအနေဖြင့် သဘာဝဓာတ်ငွေ့ကို ဝယ်ယူအသုံးပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 4 March 2018

လတ်တလော ဓာတ်အားလိုအပ်ချက်အရ ကာလတိုအနေဖြင့် သဘာဝဓာတ်ငွေ့ကို ဝယ်ယူအသုံးပြုမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မတ် ၂ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဟိုပုံးမြို့ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံးသို့ ရောက်ရှိပြီး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးသည် မိမိတို့ ဝန်ကြီးဌာနအတွက် အရေးကြီးသည့် ကဏ္ဍတစ်ခုပင်ဖြစ်ပါကြောင်း၊ လက်ရှိထုတ်လုပ်မှုအရ မဂ္ဂါဝပ် ၃၀၀၀ ရှိသဖြင့် နောင်လာမည့် နှစ်နှစ် သုံးနှစ်တွင် နောက်ထပ် မဂ္ဂါဝပ် ၃၀၀၀ ခန့် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ လျှပ်စစ်နှင့်ပတ်သက်ပြီး ဝန်ကြီးဌာန၏ မူဝါဒနှင့်အညီ သုံးနှစ်အတွင်း နောက်ထပ် မဂ္ဂါဝပ် ၃၀၀၀ ထုတ်လုပ်နိုင်ရန် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများ စီစဉ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းလျာထားချက်များအရ ဆောလျင်စွာပြီးစီးမည့် စီမံကိန်းများ၊ အလယ်အလတ် စီမံကိန်းများနှင့် နောက်အကျဆုံး ၄၂ လအတွင်း လိုအပ်လျက်ရှိသည့် မဂ္ဂါဝပ် ၃၀၀၀ ခန့်ကို ရရှိလာမည်ဖြစ်ပါကြောင်း၊ အခြားဘက်တွင်လည်း ရေအားလျှပ်စစ်စီမံကိန်းများ၊ ဆိုလာစီမံကိန်းများ၊ LNG သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများကိုလည်း ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ထားဝယ် ကံပေါက်ဒေသတွင် မဂ္ဂါဝပ် ၁၂၃၀ နှင့် ဧရာဝတီတိုင်းဒေသကြီး မီးလောင်ဂျိုင့်ဒေသတွင် မဂ္ဂါဝပ် ၁၃၉၀ ဓာတ်အားပေးစက်ရုံကြီး နှစ်ရုံအား သုံးနှစ်အတွင်း ပြီးစီးရန် တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုထုတ်လုပ်မှုနှင့်အတူ ထုတ်ယူရရှိသည့် ဓာတ်အားများကို သယ်ယူရန်အတွက် Transmission System ကို ကောင်းမွန်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ နောင်တွင် တောင့်တင်း ခိုင်မာသည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမည့်စနစ်ဖြစ်ရန် မဟာဓာတ်အားလိုင်းအား ၂၃၀ ကေဗွီမှ ၅၀၀ ကေဗွီဓာတ်အားလိုင်းသို့ အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဆက်လက်ပြီး လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ပါက နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာမည်ဖြစ်ကြောင်း၊ လက်ရှိ မောင်းနှင်နေသော သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်များ၏ သက်တမ်းမှာ ကြာမြင့်လာပြီး စက်စွမ်းရည်ပြည့် မောင်းနှင်နိုင်ခြင်း မရှိသောကြောင့် အဆင့်မြှင့်တင် ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါကြောင်း၊ သုံးနှစ်အတွင်း ဓာတ်အားလိုအပ်ချက်များကို ပြည့်မီရန် ဓာတ်အားပေးစက်ရုံများ ဆောင်ရွက်ရမည်ဆိုပါက LNG သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများကို စဉ်းစားရမည်ဖြစ်ပါကြောင်း၊ ယနေ့ ဓာတ်အားလိုအပ်ချက်ကြောင့် ကာလတိုအနေဖြင့် LNG သဘာဝဓာတ်ငွေ့ကို ဝယ်ယူအသုံးပြုသွားမည်ဖြစ်သော်လည်း ပြည်တွင်းမှ သဘာ၀ ဓာတ်ငွေ့ကို စီးပွားဖြစ်ထုတ်လုပ်နိုင်မည့် အချိန်ကာလတွင် LNG ဝယ်ယူမှုကို လျှော့ချပြီး ပြည်တွင်းမှ သဘာဝဓာတ်ငွေ့ကိုသာ ပြန်လည်အသုံးပြု၍ ဓာတ်အားထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

Most Read

Most Recent