သီလဝါ အထူးစီးပွားရေးဇုန်ရှိ စက်ရုံအလုပ်ရုံများတွင် လက်ရှိလုပ်ကိုင်နေသည့် လုပ်သားများ၏ ရာခိုင်နှုန်း ၈၀ မှာ သန်လျင်၊ ကျောက်တန်းဒေသခံများဖြစ်ပြီး ယင်းတို့အနက် ၇၅ ရာခိုင်နှုန်းမှာ အခြေခံပညာအထက်တန်း မအောင်မြင်သေးသည့် လုပ်သားများဖြစ်ဟုဆို

သီလဝါ အထူးစီးပွားရေးဇုန်ရှိ စက်ရုံအလုပ်ရုံများတွင် လက်ရှိလုပ်ကိုင်နေသည့် လုပ်သားများ၏ ရာခိုင်နှုန်း ၈၀ မှာ သန်လျင်၊ ကျောက်တန်းဒေသခံများဖြစ်ပြီး ယင်းတို့အနက် ၇၅ ရာခိုင်နှုန်းမှာ အခြေခံပညာအထက်တန်း မအောင်မြင်သေးသည့် လုပ်သားများဖြစ်ဟုဆို
Published 4 March 2018

သီလဝါအထူးစီးပွားရေးဇုန်ရှိ စက်ရုံအလုပ်ရုံများကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

သီလဝါအထူးစီးပွားရေးဇုန်ရှိ စက်ရုံအလုပ်ရုံများတွင် လက်ရှိလုပ်ကိုင်နေသည့် လုပ်သားများ၏ ရာခိုင်နှုန်း ၈၀ မှာ သန်လျင်၊ ကျောက်တန်းမှ ဒေသခံများဖြစ်ပြီး ယင်းတို့အနက် ၇၅ ရာခိုင်နှုန်းမှာ အခြေခံပညာအထက်တန်း မအောင်မြင်သေးသည့် လုပ်သားများဖြစ်ကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

“အထူးစီးပွားရေးဇုန်ကြီး စပြီးဖွင့်ဖို့အတွက် ဒေသခံတွေစပြီး ဆွေးနွေးတဲ့အချိန်မှာ ဒေသခံတွေက ကျွန်တော်တို့ကို အမြဲပဲ ပြောပါတယ်။ ဒီအထူးစီးပွားရေးဇုန်ဟာ နိုင်ငံတကာ အထူးစီးပွားရေးဇုန်ဖြစ်တဲ့အတွက် ဒေသခံတွေက ပညာ သေချာမတတ်တာဖြစ်တဲ့အတွက် သူတို့တွေက အပေါက်စောင့်ကလွဲလို့ ဘယ်နေရာမှာ မရနိုင်ဘူးဆိုပြီး ပြောခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်း အထူးစီးပွားရေးဇုန်ကြီးဖွင့်တဲ့အခါ အလုပ်အကိုင် အခွင့်အလမ်းတွေ အကုန်လုံးက အလွှာပေါင်းစုံအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ထွက်လာပါတယ်” ဟု သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

“လွန်ခဲ့တဲ့လ အနည်းငယ်ကပဲ IGC နဲ့ LSE၊ LSE ကတော့ London School of Economics ပေါ့နော်။ လန်ဒန်မှာရှိတဲ့ စီးပွားရေးတက္ကသိုလ်ကြီးကနေ ကျွန်တော်တို့ဆီကို ကျွန်တော်တို့နဲ့ပူးပေါင်းပြီး စာရင်းကောက်ယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ တွေ့ရှိရတဲ့ အချက်ကတော့ သီလဝါ အထူးစီးပွားရေးတွေမှာရှိတဲ့ စက်ရုံအလုပ်ရုံတွေမှာ လက်ရှိအလုပ်လုပ်နေတဲ့ လုပ်သားတွေကို ကြည့်လိုက်မယ်ဆိုရင် ရာခိုင်နှုန်း ၈၀ က သန်လျင်နဲ့ ကျောက်တန်းမှာရှိတဲ့ ဒေသခံတွေ ဖြစ်ပါတယ်။ အဲဒီအထဲမှာမှ ၇၅ ရာခိုင်နှုန်းက ၁၀ တန်း မအောင်သေးတဲ့ လုပ်သားတွေဖြစ်ပါတယ်။ တချို့က ပညာအရည်အချင်းက တစ်တန်းပဲရှိပါတယ်။ တချို့က ၁၀ တန်း ရှိပါတယ်” ဟု ဦးဆက်အောင်က ပြောကြားသည်။

သို့သော်လည်း ပညာအရည်အချင်းအလိုက် ပညာအရည်အချင်းမြင့်သည့် လုပ်သားများအား အခြားနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့သို့လွှတ်ပြီး သင်တန်းပို့ချမှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းပို့ချမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

သီလဝါ အထူးစီးပွားရေးဇုန်၌ လက်ရှိစီးပွားဖြစ်လည်ပတ် ထုတ်လုပ်နိုင်သည့်စက်ရုံ ၄၀ ခန့်သာရှိပြီး ယင်းမှ ပို့ကုန် အခြေအနေများကို မကြာမီ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

Most Read

Most Recent