သြင်္ကန်ပိတ်ရက် ၁၀ ရက်ရရှိရန် လှိုင်သာယာစက်မှုဇုန်ရှိ နိုင်ငံသားပိုင်စက်ရုံများတွင် အချိန်ပိုကြိုဆင်းပေးခြင်း၊ ခွင့်ရက်ဖြင့်အစားထိုးခြင်း ပြုလုပ်လျက်ရှိ

သြင်္ကန်ပိတ်ရက် ၁၀ ရက်ရရှိရန် လှိုင်သာယာစက်မှုဇုန်ရှိ နိုင်ငံသားပိုင်စက်ရုံများတွင် အချိန်ပိုကြိုဆင်းပေးခြင်း၊ ခွင့်ရက်ဖြင့်အစားထိုးခြင်း ပြုလုပ်လျက်ရှိ
Published 4 March 2018

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)

အစိုးရက သြင်္ကန်ရုံးပိတ်ရက်ကို ငါးရက်သာသတ်မှတ်ထားသော်လည်း ပိတ်ရက် ၁၀ ရက်ရရှိရန်အတွက် လှိုင်သာယာ စက်မှုဇုန်ရှိ ပြည်တွင်းနိုင်ငံသားပိုင်စက်ရုံများတွင် အလုပ်သမားများက အချိန်ပိုကြိုဆင်းပေးခြင်း၊ ခွင့်ရက်ဖြင့် အစားထိုးခြင်းများ ပြုလုပ်လျက်ရှိကြောင်း မတ် ၃ ရက်က စုံစမ်းသိရှိရသည်။

သြင်္ကန်ပိတ်ရက် ငါးရက်အစား ၁၀ ရက်ပိတ်ရန်အတွက် အလုပ်ရှင်နှင့် အလုပ်သမားများ ညှိနှိုင်း၍ အလုပ်သမားများသည် စနေနေ့များတွင် နေ့ဝက်သာ အလုပ်ဆင်းရမည် ဖြစ်သော်လည်း တစ်နေကုန်ဆင်းပေးခြင်း၊ တနင်္ဂနွေနားရက်များတွင် အလုပ်ဆင်းပေးခြင်း၊ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေတွင်ပါဝင်သည့် လစာပြည့်ဖြင့် တစ်နှစ်လျှင် ရှောင်တခင်ခွင့် ၆ ရက် ယူနိုင်ခြင်း စသည်တို့ဖြင့် လဲလှယ်ခြင်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“အစိုးရက ဒီနှစ်မှာ သြင်္ကန်ငါးရက်ပဲ ပိတ်တော့ပေမယ့် ၁၀ ရက်ပိတ်လာတာဟာ နှစ်ပေါင်းများစွာ ကြာလာပြီ။ အလုပ်သမားတွေကလည်း ၁၀ ရက်ပိတ်တာပဲ လိုချင်ကြတယ်။ အဲဒီတော့ သြင်္ကန် ၁၀ ရက်ပိတ်ရက်ရဖို့အတွက် အလုပ်ရှင်နဲ့ အလုပ်သမားတွေ ညှိနှိုင်းကြတာပေါ့။ တချို့စက်ရုံတွေက စနေနေ့ဝက်ကို တစ်နေကုန်ဆင်းကြတယ်။ အဲဒီလိုဆင်းရင်းနဲ့ သြင်္ကန်ပိတ်ရက် ၁၀ ရက်ရဖို့အတွက် လုပ်ကြတယ်။ အဲဒီလိုလုပ်တာဟာ ပြည်တွင်းနိုင်ငံသားပိုင်စက်ရုံတွေပဲ လုပ်ကြတာ။ FDI နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကျတော့ အဲဒီလိုမလုပ်ရဲဘူး။ အစိုးရက ကြေညာထားတဲ့ ပိတ်ရက် ငါးရက်ဆို ငါးရက်အတိုင်းပဲ။ တစ်ခုခုပြဿနာတက်လို့ မရဘူး။ ပြည်တွင်းနိုင်ငံသားပိုင်လုပ်ငန်း တော်တော်များများ ရာခိုင်နှုန်း ၉၀ လောက်တော့ ၁၀ ရက်ပိတ်ဖို့အတွက် ညှိပြီးလုပ်ကြတာပေါ့” ဟု လှိုင်သာယာစက်မှုဇုန်ရှိ လုပ်ငန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါသြင်္ကန်ပိတ်ရက် ငါးရက်အစား ပိတ်ရက် ၁၀ ရက်ရရှိရန် အလုပ်သမားများဘက်ကလည်း အချိန်ပိုဆင်းခြင်း၊ ရှောင်တခင်ခွင့်ဖြင့် လဲလှယ်ခြင်းများအပေါ် ကျေနပ်မှုရှိကြကြောင်း သိရသည်။

“ကျွန်တော်တို့စက်ရုံကတော့ အချိန်ပို မဆင်းဘူး။ ၁၉၅၁ ခုနှစ် အလုပ်သမားဥပဒေမှာပါတဲ့ ရှောင်တခင်ခွင့် ခြောက်ရက်ခံစားခွင့်ရှိတယ်ဆိုတဲ့ ခွင့်ရက်နဲ့ လဲလိုက်တာ။ အစိုးရက သြင်္ကန်ပိတ်ရက်ကို ငါးရက်ပဲ သတ်မှတ်ထားပေမယ့် ၁၀ ရက်ရဖို့အတွက် တချို့စက်ရုံတွေက စနေနေ့ နေ့တစ်ဝက်ပဲဆင်းရမှာကို အပြည့်ဆင်းကြတယ်။ တချို့ကျတော့ တနင်္ဂနွေနေ့ဆင်းတယ်” ဟု Myanmar Yes အထည်ချုပ်စက်ရုံ အလုပ်သမားတစ်ဦးဖြစ်သူ ကိုဝေယံရှိုင်းက ပြောကြားသည်။

သြင်္ကန်ပိတ်ရက်ကိစ္စနှင့်ပတ်သက်၍  Eslite Garment အထည်ချုပ်စက်ရုံ အလုပ်သမားတစ်ဦးဖြစ်သူ မမိုးမိုးအေးကို မေးမြန်းရာတွင် “သြင်္ကန်ပိတ်ရက်ကို အစိုးရက ငါးရက်ပဲသတ်မှတ်လိုက်တယ်လေ။ ကျွန်မတို့လို နယ်ပြန်မယ့်လူတွေအတွက် အဆင်မပြေဘူး။ အဲဒီတော့ အလုပ်ရှင်နဲ့ ညှိရတာပေါ့။ ကျွန်မတို့စက်ရုံကတော့ တစ်ရက် အလုပ်လုပ်ချိန် ၈ နာရီက စက်ရုံဘက်ကို ပြန်ပေးရတာ။ တစ်ပိုင်း လစာထဲက Day ကြေးနှစ် ရက်စာဖြတ်တယ်။ နှစ်လပိုင်းလစာထဲက တစ်ရက်စာနဲ့ သုံးလပိုင်းလစာထဲက နှစ်ရက်စာ ဖြတ်တယ်။ အဲဒီလိုနည်းနဲ့ သြင်္ကန် ငါးရက်ပိတ်တာနဲ့ ကျွန်မတို့ ပိုက်ဆံတွေအဖြတ်ခံပြီး ၁၀ ရက်ရအောင်လုပ်ခဲ့ရတယ်” ဟု ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် သြင်္ကန်တွင် အစိုးရက ပိတ်ရက် ငါးရက်သာ ခွင့်ပြုခဲ့သဖြင့် လှိုင်သာယာစက်မှုဇုန်အတွင်း စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများစုပေါင်း၍ သြင်္ကန်ပိတ်ရက်အား ငါးရက်အစား ၁၀ ရက် သတ်မှတ်ပေးရန်အတွက် ဆန္ဒပြတောင်းဆိုခြင်းများ ပြလုပ်ခဲ့သည်။

Most Read

Most Recent