မန္တလေးမြို့တွင် ဧရာဝတီယဉ်ကျေးမှု မြို့ပြဖွံ့ဖြိုးရေး အနာဂတ်အလားအလာများနှင့် သမိုင်းထဲက ငလျင်ခေါင်းစဉ်ဖြင့် ငလျင်နှင့်ပတ်သက်သည့် ဆွေးနွေးပွဲကျင်းပ

မန္တလေးမြို့တွင် ဧရာဝတီယဉ်ကျေးမှု မြို့ပြဖွံ့ဖြိုးရေး အနာဂတ်အလားအလာများနှင့် သမိုင်းထဲက ငလျင်ခေါင်းစဉ်ဖြင့် ငလျင်နှင့်ပတ်သက်သည့် ဆွေးနွေးပွဲကျင်းပ
Published 4 March 2018

ငလျင်နှင့်ပတ်သက်သည့် ကြိုတင်ကာကွယ်မှုများ ဆွေးနွေးနေစဉ်

မန္တလေးမြို့တွင် ဧရာဝတီယဉ်ကျေးမှု မြို့ပြဖွံ့ဖြိုးရေး အနာဂတ်အလားအလာများနှင့် သမိုင်းထဲက ငလျင်ခေါင်းစဉ်ဖြင့် ငလျင်နှင့်ပတ်သက်သည့် ဆွေးနွေးပွဲအား မတ် ၃ ရက်မွန်းလွဲပိုင်းက လမ်း ၈၀ နှင့် ၃၅ လမ်းထောင့်ရှိ ယခင်မန္တလေးတက္ကသိုလ်၊ ရတနာ ဘုမ္မိနယ်မြေရှိ အောင်ပင်လယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲအား သဘာဝစိမ်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ဦးဆောင်ကျင်းပခြင်းဖြစ်ကာ အတိတ်ကာလတွင် လှုပ်ခတ်ခဲ့သည့် ငလျင်များနှင့်ပတ်သက်သည့် အကြောင်းအရာများအပါအဝင် လေ့လာသိရှိထားသည်များနှင့် ငလျင်နှင့်ပတ်သက်ကာ ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကာ မြန်မာနိုင်ငံ မြေငလျင်အသင်းမှ ဒေါက်တာမျိုးသန့်၊ မန္တလေးတက္ကသိုလ် ပထဝီဌာန ကထိက ဒေါက်တာ တင်မိုးလွင်၊ မန္တလေးအဝေးသင်တက္ကသိုလ်မှ ဒေါက်တာဝင်းဆွေနှင့် ဆရာကြီး ဦးကိုလေး (အင်းဝဂုဏ်ရည်) တို့မှ ကြုံတွေ့ဖြစ်ပွားခဲ့သည့် ငလျင်များအကြောင်းအား ဦးဆောင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

“သဘာဝဘေးအန္တရာယ်တွေ ကျရောက်လာရင် ရင်ဆိုင်နိုင်ဖို့က နည်းလမ်းနှစ်သွယ် ရှိပါတယ်။ ဘယ်လိုလိုက်လျောညီထွေ ဖြစ်အောင်နေမလဲနဲ့ ဘယ်လိုကြိုတင်ကာကွယ်မှု ပြုမလဲဆိုတာပါ။ ကြိုတင်ကာကွယ်မှုပြုပြင်ရင်း လိုက်လျောညီထွေအောင် နေထိုင်ခြင်းနဲ့ အနာဂတ်ဘဝတွေကို ဆက်လက်ရှင်သန်နိုင်အောင် သယ်ဆောင်ကြရမှာဖြစ်တယ်။ ကြိုတင်ကာကွယ်မှုရှိနိုင်အောင်ဆိုတာ အဖွဲ့တစ်ဖွဲ့ တစ်ယောက်တည်းသိနေရုံနဲ့ မပြီးပါဘူး။ ဒီလိုလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်အောင် သက်ဆိုင်ရာအဖွဲ့အစည်းအပိုင်းတွေ၊ ပညာရှင်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ရမှာပါ။ ငလျင်နဲ့ပတ်သက်ရင် ဖုန်းမက်ဆေ့ချ်တွေမှာလည်း အသိပေးနေတာတွေ ရှိတယ်။ မီဒီယာတွေကလည်း နှိုးဆော်ရေးသားနေတာတွေရှိတယ်။ ဒီလိုအနေအထားတွေမှာ လူထုအနေနဲ့ ဘာတွေသိထားသလဲ ဘာတွေလုပ်ဖို့လိုသလဲဆိုတာတွေ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ပေါင်းစပ်ပြီး လုပ်ငန်းလမ်းစဉ်တွေ ချမှတ်နိုင်ဖို့ရည်ရွယ်ပြီး ဒီပွဲကို စီစဉ်ကျင်းပရခြင်းဖြစ်တယ်” ဟု သဘာဝစိမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့မှ ဦးမောင်မောင်ဦးက ပြောကြားသည်။

“မန္တလေးမြို့ကလည်း ငလျင်နဲ့ပတ်သက်ပြီး အန္တရာယ်ကရှိနေတော့ ဆွေးနွေးဖြစ်တာပါ။ ဆွေးနွေးတာကတော့ ငလျင်နဲ့ ငလျင်ကြောင့် ဖြစ်တဲ့ဆိုးကျိုးများခေါင်းစဉ်နဲ့ ဆွေးနွေးမှာပါ။ အဓိကကတော့ မန္တလေးမြို့အနီးဝန်းကျင် အမရပူရ၊ အင်းဝ၊ စစ်ကိုင်းမှာ အတိတ်ကာလက လှုပ်ခတ်ခဲ့ဖူးတဲ့ ငလျင်တွေအကြောင်း ဆွေးနွေးပြီး အတိတ်က လှုပ်ခတ်ခဲ့တဲ့ ငလျင်အတွေ့အကြုံတွေနဲ့ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ငလျင်အလားအလာတွေနဲ့ တကယ်လို့ ဖြစ်ခဲ့ရင် ကြုံတွေ့ရမယ့် ဆိုးကျိုးအမျိုးမျိုးကို ဘယ်လိုလျှော့ချမလဲဆိုတာကို အဓိကထား ဆွေးနွေးတာပါ” ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ပြောကြားသည်။

လက်ရှိတွင် ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ပြည်သူများသိရှိနိုင်ရန်အတွက် လူမှုအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများမှ ငလျင်ကော်မတီနှင့်ပူးပေါင်းကာ အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိပြီး ငလျင်လှုပ်ခတ်သည့်အခါ ပြုလုပ်ဆောင်ရွက်ရန်နည်းလမ်းများ၊ ကြိုတင်ကာကွယ်ရန် နည်းလမ်းများကိုလည်း စာသင်ကျောင်းများ၊ တက္ကသိုလ်များတွင် သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မန္တလေးမှာ စစ်ကိုင်းပြတ်ရွေ့နှင့် နီးကပ်စွာတည်ရှိသည့်အတွက် အတိတ်ကာလလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်များအား လေ့လာသုံးသပ်မှုများအရ ငလျင်အန္တရာယ်ရှိသော မြို့တစ်ခုဖြစ်သည့်အတွက် အဆောက်အအုံများ ဆောက်လုပ်ရာတွင် အနာဂတ်ငလျင်ဘေးအန္တရာယ်များကို ကြိုတင်ထည့်တွက်စဉ်းစားကာ လုပ်ဆောင်သင့်ကြောင်း ပညာရှင်များက ပြောကြားသည်။

Most Read

Most Recent