မြန်မာ-တရုတ်နယ်စပ်မှ ကုန်သည်အချို့ ဧရာဝတီတိုင်းအထိဆင်းပြီး ဒေသထွက်ဆန်များကို ပေါက်ဈေးထက်ပိုသော ဈေးနှုန်းဖြင့် ကြိုတင်ငွေပေးချေကာ ဝယ်ယူနေဟုဆို

မြန်မာ-တရုတ်နယ်စပ်မှ ကုန်သည်အချို့ ဧရာဝတီတိုင်းအထိဆင်းပြီး ဒေသထွက်ဆန်များကို ပေါက်ဈေးထက်ပိုသော ဈေးနှုန်းဖြင့် ကြိုတင်ငွေပေးချေကာ ဝယ်ယူနေဟုဆို
Published 4 March 2018

မြန်မာ-တရုတ်နယ်စပ်မှ ကုန်သည်အချို့က ဧရာဝတီတိုင်းဒေသကြီးအထိ ဆင်းကာ ယင်းဒေသမှ ထွက်ရှိမည့် ဆန်များကို ပေါက်ဈေးထက်ပိုသော ဈေးနှုန်းဖြင့် ကြိုတင်ငွေပေးချေကာ ဝယ်ယူလျက်ရှိကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ သိရသည်။

“အခုဧရာဝတီတိုင်းက ထွက်မယ့်ဆန်ကို သူတို့က ဆင်းဝယ်ဖို့ရှိတယ်။ ဆင်းဝယ်ဖို့ရှိတဲ့ဟာက ရှမ်းမတွေက တိုက်ရိုက်ဆင်းဝယ်လာတယ်။ သူတို့ကလည်း သကြားတွေ ရောင်းထားတော့ ငွေတွေပိုနေတယ်။ လာဝယ်တော့ ဘုရင့်နောင်ပေါက်ဈေးထက် ပိုဝယ်တယ်။ နောက်ပြီးတော့ ဆန်ကိုငွေကိုကြိုပေးပြီးတော့ ဝယ်တယ်။ ဘုရင့်နောင်ကနေ အမြဲတမ်းနယ်စပ်ကို တင်ပို့နေတဲ့လူတွေလည်း မလုပ်နိုင်တဲ့ ဈေးနဲ့သူတို့က ဝယ်တယ်။ သူတို့မှာ အားသာချက်ရှိတာက သူတို့ဘုရင့်နောင်ကလူတွေ ဟိုမှာရောင်းရင် တစ်အိတ်ကို ၇၀၀ လောက် ၈၀၀ လောက်ပွဲခရတယ်။ အဲဒီပွဲခကို ဒီကနယ်စက်ပိုင်တွေဆီမှာ ပေါင်းပြီးတော့ ဝယ်လိုက်တဲ့အခါကျတော့ ဘုရင့်နောင်မှာ အမြဲတမ်းဝယ်တဲ့သူက မဝယ်နိုင်တော့ဘူးလေ” ဟု ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်အတွင်း ရေးမှူးဦးသန်းဦးက ပြောကြားသည်။

မြန်မာ့ဆန်ကို နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံက အဓိကဝယ်ယူလျက်ရှိပြီး တရုတ်နှစ်သစ်ကူးကာလအတွင်းက ဝယ်လိုအားမြင့်တက်ခဲ့ကြောင်း၊ ယင်းကဲ့သို့ ဝယ်ယူရာတွင် ပဲခူးတိုင်းအရှေ့နှင့် အနောက်ခြမ်းအထိ တိုက်ရိုက်ဆင်းဝယ်ခဲ့ကြောင်း သိရသည်။

“နယ်စပ်ကုန်သွယ်ရေးက တရုတ်ပြည်က နှစ်ကူးရက်တွေမှာတော့ ဝယ်တယ်။ ဝယ်တဲ့အခါကျတော့ ပစ္စည်းဝယ်လိုအား ပဲခူးတိုင်းအရှေ့တို့ အနောက်တို့ အဲဒီလိုတွေမှာ မနောသုခတွေ အဲဒီလိုဟာတွေကို တရုတ်ပြည်က ရိက္ခာပြန်ပြီးတော့စုတယ်။ အဲဒါတွေ အကုန်လုံးဝယ်သွားတယ်” ဟု ဦးသန်းဦးက ပြောကြားသည်။

ယခင်က ဆန်နှင့် ဆန်ကွဲတင်ပို့မှု စုစုပေါင်းပမာဏ၏ ၇၀ ရာခိုင်နှုန်းကျော်ကို မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်တွင် ပြည်ပဈေးများကို ပိုမိုရှာဖွေနိုင်ခဲ့သည့်အတွက် ပင်လယ်ရေကြောင်းမှ ဆန်နှင့် ဆန်ကွဲတင်ပို့မှုများ မြင့်တက်လာကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ပင်လယ်ရေကြောင်း နှစ်ခုလုံးမှဆောင်ရွက်လျက်ရှိပြီး ပင်လယ်ရေကြောင်းမှ တင်ပို့မှု ပမာဏစုစုပေါင်း ၆၀ ရာခိုင်နှုန်းခန့်သည် အာဖရိကဈေးကွက်သို့ တင်ပို့နေခြင်း ဖြစ်သည်။

ပင်လယ်ရေကြောင်းမှ တင်ပို့ရာတွင် တန်းမြင့်ဆန်များကို ဥရောပဈေးကွက်သို့ တင်ပို့လျက်ရှိပြီး တန်းနိမ့် ၂၅ မှတ်ဆန်များကို အာဖရိကဈေးကွက်သို့ တင်ပို့နေခြင်း ဖြစ်သည်။

သို့သော်လည်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝယ်ယူနေသည့် ဆန်များသည် ပြည်တွင်း၌ စားသုံးနေသည့် ဆန်အမျိုးအစားများကို အများဆုံး ဝယ်ယူနေခြင်းဖြစ်ကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ သိရသည်။

Most Read

Most Recent