သီလဝါအထူးစီးပွားရေးဇုန်၌ လက်ရှိတွင် စီးပွားဖြစ် လည်ပတ်ထုတ်လုပ်နိုင်သည့် စက်ရုံ ၄၀ ခန့်သာရှိပြီး အဆိုပါစက်ရုံများ၏ ပို့ကုန်အခြေအနေများ မကြာမီထုတ်ပြန်မည်

သီလဝါအထူးစီးပွားရေးဇုန်၌ လက်ရှိတွင် စီးပွားဖြစ် လည်ပတ်ထုတ်လုပ်နိုင်သည့် စက်ရုံ ၄၀ ခန့်သာရှိပြီး အဆိုပါစက်ရုံများ၏ ပို့ကုန်အခြေအနေများ မကြာမီထုတ်ပြန်မည်
Published 4 March 2018

ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်း သီလဝါအထူးစီးပွားရေးဇုန်ရှိ စက်ရုံအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)

သီလဝါအထူးစီးပွားရေးဇုန်၌ လက်ရှိအချိန်တွင် စီးပွားဖြစ် လည်ပတ်ထုတ်လုပ်နိုင်သည့် စက်ရုံ ၄၀ ခန့်သာရှိသေးပြီး ယင်းမှ ပို့ကုန်အခြေအနေများကို မကြာမီထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

“သီလဝါအထူးစီးပွားရေးမှာ အခုလောလောဆယ်မှာ commercial operation စနိုင်တာ စက်ရုံ  ၄၀ လောက်ပဲ စနိုင်သေးတယ်။ အဲဒီတော့ သီလဝါကနေ Export ဘယ်လောက်ထွက်လဲ အဲဒီ Export ကြီးက  မြန်မာနိုင်ငံရဲ့ ပို့ကုန်အပေါ် ဘယ်လောက်အထိ Impact ရှိလဲဆိုရင် Impact Analysis က ဘယ်နိုင်ငံမှာမှ နှစ်နှစ်အတွင်း မလုပ်နိုင်ဘူး။ အဲတော့ ကျွန်တော်တို့လည်း  Impact Analysis လုပ်ဖို့က နောက်ထပ်အချိန်တစ် နှစ်နှစ်နှစ်လောက်ယူရပါဦးမယ်။ နောက်ထပ် ရက်ပိုင်းအတွင်းမှာ Export Figure ကို ဝက်ဆိုဒ်ပေါ်တင်ပေးပါမယ်” ဟု သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

သီလဝါအထူးစီးပွားရေးကို စတင်အကောင်အထည်ဖော်ခဲ့သည်မှာ နှစ်နှစ်ကျော်ကျော်သာ ရှိသေးကြောင်း၊ အကယ်၍ စက်ရုံတစ်ရုံတည်ဆောက်မည်ဆိုပါက အနည်းဆုံးအချိန်တစ်နှစ် သို့မဟုတ် တစ်နှစ်ခွဲခန့် အချိန်ယူရကြောင်း၊ ထို့ပြင် စက်ရုံတည်ဆောက်နိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုဆန်းစစ်လေ့လာချက်များကို ပြုလုပ်ရကြောင်း ၎င်းက ဆိုသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်လက်ရှိ အချိန်အထိ သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် နိုင်ငံတကာမှ ဒေါ်လာသန်း ၂၉၁ ဒသမ ၉ ကျော်အထိ မြှုပ်နှံထားပြီး ဂျပန်နိုင်ငံက အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဇန်နဝါရီ ၁၉ အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုတွင် ဂျပန်နိုင်ငံက လုပ်ငန်းသုံးခု၊ စင်ကာပူနိုင်ငံက လုပ်ငန်းနှစ်ခု၊ ထိုင်းနိုင်ငံက လုပ်ငန်းနှစ်ခု၊ ကိုရီးယားနိုင်ငံက လုပ်ငန်းတစ်ခုနှင့် နယ်သာလန်နိုင်ငံက လုပ်ငန်းတစ်ခုဖြင့် အသီးသီးဝင်ရောက်မြှုပ်နှံထားပြီး ယင်းတို့အနက် စက်မှုကဏ္ဍတွင် လုပ်ငန်းရှစ်ခုအထိ ရှိနေပြီး ကုန်စည်ရောင်းဝယ်ရေး လုပ်ငန်းတစ်ခုပါဝင်ကြောင်း သိရသည်။ သီလဝါအထူး စီးပွားရေးဇုန် Zone B ၏ ပထမအဆင့် ၁၀၁ ဟက်တာစီမံကိန်း တည်ဆောက်မှုစတင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က ကျင်းပခဲ့သည်။

သီလဝါအထူးစီးပွားရေးဇုန် Zone B ၏ ပထမအဆင့် ၁၀၁ ဟက်တာ (ဧက ၂၅၀)ကို ၂၀၁၈ ခုနှစ် နှစ်လည်ပိုင်းတွင် တည်ဆောက်မှုပြီးစီးရန် မျှော်မှန်းထားပြီး အချို့သောမြေနေရာများကိုမူ ၂၀၁၇ ခုနှစ် နှောင်းပိုင်းလောက်ကတည်းက ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ငှားရမ်းနိုင်မည် ဖြစ်သည်။

သီလဝါအထူးစီးပွားရေးဇုန် Zone B ပထမအဆင့်ကို စတင်ဆောင်ရွက်နေပြီး ရင်းနှီးမြှုပ်နှံမှု ၅၀ ရာခိုင်နှုန်းခန့် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

Most Read

Most Recent