ရန်ကုန်စတော့အိတ်ချိန်း သက်တမ်းတစ်လျှောက် စတော့အရောင်းအဝယ်ဖြစ်မှု အနည်းဆုံးလအဖြစ် ဖေဖော်ဝါရီတွင် ကျပ်သိန်း ၇၄၀၀ ကျော်ဖြင့် အရောင်းအဝယ်ဖြစ်မှု အဆိုးဆုံးစံချိန်တင်

ရန်ကုန်စတော့အိတ်ချိန်း သက်တမ်းတစ်လျှောက် စတော့အရောင်းအဝယ်ဖြစ်မှု အနည်းဆုံးလအဖြစ် ဖေဖော်ဝါရီတွင် ကျပ်သိန်း ၇၄၀၀ ကျော်ဖြင့် အရောင်းအဝယ်ဖြစ်မှု အဆိုးဆုံးစံချိန်တင်
Published 4 March 2018

FMI ရှယ်ယာတစ်စု ကျပ် ၁၁၅၀၀ အထိ ဈေးနှုန်းအနိမ့်ဆုံး ဖြစ်ပေါ်ခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက် အရောင်းအဝယ်ဖြစ်မှုကို တွေ့ ရစဉ်

၂၀၁၆ ခုနှစ် မတ်လမှ စတင်ရောင်းချလာခဲ့သည့် ရန်ကုန်စတော့အိတ်ချိန်း သက်တမ်းတစ်လျှောက်တွင် စာရင်းဝင်ကုမ္ပဏီ ငါးခုအထိ ရှိလာနေသော်လည်း စတော့ရှယ်ယာများ အရောင်းအဝယ်ဖြစ်မှုအနည်းဆုံးအဖြစ် ယခုဖေဖော်ဝါရီလတွင် ကျပ်သိန်း ၇၄၀၀ ကျော်ဖြင့် အရောင်းအဝယ်ဖြစ်မှု အဆိုးဆုံးလအဖြစ် စံချိန်တင်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ် ဖြစ်မှုများအရ မတ် ၃ ရက်တွင် သိရသည်။

ဆက်သွယ်ရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သည့် TMH Telecom မှာ ယခုနှစ် ဇန်နဝါရီ၂၆ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီအဖြစ် ဈေးကွက်ဝင်လာခဲ့ပြီး စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီ ငါးခု၏ ၂၀၁၈ ခုနှစ် ဇန်နဝါရီ အရောင်းအဝယ်ဖြစ်မှုမှာ ကျပ် ၁ ဒသမ ၂ ဘီလျံကျော် ရှိခဲ့ပြီး ယခင်နှစ်ကာလတူဖြစ်သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီထက် အရောင်းအဝယ် ဖြစ်ပေါ်မှုထက် ကျပ် ၁ ဒသမ ၆ ဘီလျံကျော် လျော့နည်းခဲ့ပြီး ဖေဖော်ဝါရီတွင် ပိုမိုနည်းပါးကာ ကျပ်သိန်း ၇၄၀၀ ကျော်သာ အရောင်းအဝယ် ဖြစ်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် ၂၀၁၆ ခုနှစ်တွင် အရောင်းအဝယ်ဖြစ်မှု ကျပ် ၇၀ ဒသမ ၇၄ ဘီလျံကျော်ရှိခဲ့ပြီး လအလိုက် အရောင်းအဝယ်ဖြစ်မှုများတွင် မတ်လ၌ ကျပ် ၂၄ ဘီလျံကျော်၊ ဧပြီတွင် ကျပ်ငါးဘီလျံကျော်၊ မေလတွင် ကျပ် ၁၆ ဘီလျံကျော်၊ ဇွန်လတွင် ကျပ်ခြောက်ဘီလျံကျော်၊ ဇူလိုင်တွင် ကျပ် ၃ ဒသမ ၇ ဘီလျံကျော်၊ သြဂုတ်တွင် ကျပ် ၂ ဒသမ ၉ ဘီလျံကျော်၊ စက်တင်ဘာတွင် ကျပ် ၂ ဒသမ ၄ ဘီလျံကျော်၊ အောက်တိုဘာတွင်၊ ကျပ် ၄ ဘီလျံကျော် နိုဝင်ဘာလတွင် ကျပ် ၂ ဒသမ ၂ ဘီလျံခန့် နှင့် ဒီဇင်ဘာလတွင် ကျပ် ၁ ဒသမ ၆ ဘီလျံကျော် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ကာ အဆိုပါ ရောင်းချရမှုမှာ ၁၀ လအတွင်းဖြစ်ပေါ်ခဲ့ ခြင်းဖြစ်ပြီး Block Trading အရောင်းအဝယ်ဖြစ်မှု ကျပ် ၂ ဒသမ ၂၅ ဘီလျံရှိခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ရှယ်ယာအရောင်းအဝယ်ဖြစ်မှု ကျပ် ၂၂ ဒသမ ၁၃ ဘီလျံကျော်နှင့် Block Trading အရောင်းအဝယ်ဖြစ်မှု ကျပ် ၇ ဒသမ ၂၂ ဘီလျံရှိခဲ့ပြီး ဇန်နဝါရီတွင် ကျပ် ၂ ဒသမ ၈ ဘီလျံကျော်၊ ဖေဖော်ဝါရီတွင် ကျပ် ၃ ဒသမ ၁ ဘီလျံကျော်၊ မတ်တွင် ၃ ဒသမ ၄ ဘီလျံခန့်နှင့်ဧပြီတွင် ၁ ဒသမ ၂ ဘီလျံကျော်၊  မေလတွင် ကျပ် ၁ ဒသမ ၄၈ ဘီလျံခန့်နှင့်ဇွန်လတွင် ၁ ဒသမ ၅ ဘီလျံကျော်၊ ဇူလိုင်လတွင် ကျပ် ၁ ဒသမ ၃ ဘီလျံ ကျော်နှင့်သြဂုတ်လတွင် ၂ ဒသမ ၂ ဘီလျံ ကျော်၊ စက်တင်ဘာတွင် ကျပ် ၁ ဒသမ ၈ ဘီလျံကျော်နှင့် အောက်တိုဘာ၊ ကျပ်တစ် ဘီလျံကျော်နှင့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင်လည်း ကျပ် ၁ ဒသမ ၁ ဘီလျံကျော်စီသာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်းရှိ အစုရှယ်ယာများ ဖေဖော်ဝါရီ ၂ ရက်တွင် အရောင်းအဝယ်ဖြစ်ပေါ်မှု  FMI ရှယ်ယာတစ်စုလျှင် ကျပ် ၁၁၅၀၀ ၊ MTSH ရှယ်ယာတစ်စုကျပ် ၂၉၀၀၊ MCB ရှယ်ယာတစ်စု ကျပ် ၇၉၀၀၊ FPB ရှယ်ယာတစ်စုကျပ် ၂၆၅၀၀ နှင့် TMH ရှယ်ယာတစ်စုကျပ် ၂၉၀၀ ဖြစ်ပေါ်နေပြီး TMH ရှယ်ယာသည်ကျပ် ၂၈၀၀ အထိအနိမ့်ဆုံး ဈေးနှုန်းကျဆင်းမှုဖြစ်ပေါ်ထားပြီး FMI ရှယ်ယာတစ်စုလျှင် ကျပ် ၁၁၅၀၀ သည်လည်း အနိမ့်ဆုံးဈေးနှုန်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent