ကလေးဝမြို့တွင် ကျောက်မီးသွေးမိုင်း ဥမင်အတွင်း အောက်ဆီဂျင်ပြတ်မှုကြောင့် တရုတ်နိုင်ငံသားတစ်ဦး သေဆုံး

ကလေးဝမြို့တွင် ကျောက်မီးသွေးမိုင်း ဥမင်အတွင်း အောက်ဆီဂျင်ပြတ်မှုကြောင့် တရုတ်နိုင်ငံသားတစ်ဦး သေဆုံး
Published 3 March 2018

ကလေးဝမြို့နယ် သစ်ချောက်ကျောက်မီးသွေးမိုင်း၊ ထွန်းသွင်ကုမ္ပဏီ၏ ဥမင်လုပ်ကွက် ကျင်းအမှတ်(၁)တွင် မတ် ၁ ရက် နံနက်က တွင်းအတွင်းသို့ဆင်းစဉ် အောက်ဆီဂျင်ပြတ်မှုကြောင့် တရုတ်နိုင်ငံသားတစ်ဦး အသက်ရှူကျပ် သေဆုံးခဲ့ပြီး မြန်မာလုပ်သား ခြောက်ဦးလည်း ကလေးဝဆေးရုံသို့ တက်ရောက်ကုသလျက်ရှိကြောင်း သိရသည် ။

“သစ်ချောက်ကိစ္စက ဒီကနေ့ နံနက် ၉ နာရီလောက်က ဖြစ်တာ။ လုပ်ကွက်က နားထားတာကြာပြီ။ တရုတ်နှစ်သစ်ကူးနဲ့ဆိုတော့ နားထားတာ တစ်လလောက်ရှိပြီ။ သူတို့က အခုမှစဝင်ပြီး မီးစက်နှိုးပြီး အောက်ဆီဂျင်ပေးပြီး ဆင်းကြတာ။ ဆင်းတဲ့အချိန်မှာ အထဲထဲက အောက်ဆီဂျင်ပြတ်နေတာ။ ဆင်းလို့ ပေ ၃၀၀ လောက်ရောက်တဲ့အချိန်မှာ သူတို့ အောက်ဆီဂျင်ပြတ်လို့ ပြန်တက်တာ။ အဲဒီကျင်းက အဓိကဥမင်လိုဏ်ခေါင်းပဲ။ ပြန်တက်တဲ့အချိန်မှာ မတက်နိုင်ဘဲဖြစ်တာ။ တရုတ်လူမျိုးက ထိပ်က ဆင်းသွားပြီး နောက်က အလုပ်သမားတွေလိုက်တာ။ အဲဒီမတိုင်မီ (ကျင်းမရပ်နားမီ လုပ်တုန်းက) အလုပ်သမားက အယောက် ၈၀ လောက်ရှိတယ် ပြောတယ်။ အလုပ်က အခုမှ ပြန်စတာဆိုတော့ လူလေးငါးဆယ်ယောက်ပဲရှိတာ။ လုပ်ငန်းခွင်ပြန်စရအောင် သူတို့လုပ်ကြတာ။ လုပ်တဲ့ အချိန်မှာ အောက်ဆီဂျင်ပြတ်တာလို့ သိထားရတယ်။ ရဲတွေတော့ အခင်းဖြစ်တဲ့ နေရာကို သွားကြတယ်။ ကျောက်မီးသွေးကျင်းက ဝါးရဲကနေ တော်တော်လေးဝင်ရတယ်ပြောတယ်။ ယောစုရွာနဲ့ တည့်တည့် လောက်ကျတယ်လို့ ပြောတယ် ( သစ်ချောက် ကျေးရွာမှ ခုနစ်မိုင်၊ ရှစ်မိုင်လောက်ဝေး)၊ မြန်မာခြောက်ဦး၊ တရုတ်နိုင်ငံသားတစ်ဦးပါ။ မြန်မာခြောက်ဦးက သတိရလာပါပြီ။ ဆင်းတာကလည်း ခုနစ်ယောက်ဆင်းတာပါ။ အောက်ဆီဂျင် လုံးဝမရတော့ဘူးဆိုတာ သိလိုက်တော့ ပြန်တက်တာ။ ကိုယ့်လူသူ့လူ ဆွဲကြတော့ မြန်မာတွေက မီလိုက်တယ်။ တရုတ်က မမီလိုက်တော့ဘူး။ သူက ဇောက်ထိုးဆင်း ဆင်းသွားတာကိုး။ မြို့နယ်မှူးနဲ့ရဲက ကျင်းကို သွားကြည့်ပါတယ်။ တရုတ်လူမျိုးကတော့ အသက် ၅၃ နှစ်လို့ သိရပါတယ်” ဟု ကလေးဝမြို့နယ် NLD ပါတီမှ ကိုနေညီ ညီထွဋ်အောင်က ပြောကြားသည်။

ကလေးဝမြို့နယ်၊ မော်လိုက်မြို့နယ်၊ ခမ်းပတ်မြို့နယ်တို့တွင် ကျောက်မီးသွေး ထုတ်လုပ်သည့် မိုင်းများရှိပြီး အမိုးဖွင့်တူးစနစ်၊ လိုဏ်ခေါင်းဖြင့် တူးသော စနစ်ဖြင့် ကုမ္ပဏီများက တူးဖော်ကြသည်ဟု သိရသည်။

Most Read

Most Recent