မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်ကျေးရွာအနီးတွင် တိုင်းရင်းသားရွာသစ်တစ်ခု အစိုးရက တည်ဆောက်ပေးမည်ဆိုသဖြင့် ရွှေ့ပြောင်းအခြေချလိုသူ ၂၀၀ နီးပါး ရောက်ရှိနေ

မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်ကျေးရွာအနီးတွင် တိုင်းရင်းသားရွာသစ်တစ်ခု အစိုးရက တည်ဆောက်ပေးမည်ဆိုသဖြင့် ရွှေ့ပြောင်းအခြေချလိုသူ ၂၀၀ နီးပါး ရောက်ရှိနေ
Published 3 March 2018

မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်ကျေးရွာအနီး တိုင်းရင်းသားကျေးရွာသစ်တစ်ခုကို အစိုးရက တည်ဆောက်ပေးမည် ဆိုသဖြင့် ရွှေ့ပြောင်းအခြေချလိုသူ ၂၀၀ နီးပါးရောက်ရှိနေကြောင်း သိရသည်။

အဆိုပါ ရောက်ရှိနေသူများသည် မောင်တောတောင်ပိုင်းတွင် အခြေချရန်အတွက် လွန်ခဲ့သည့် လေးလကတည်းက အင်းဒင်ကျေးရွာအနီး သင်္ဘောကွေ့ကျေးရွာတွင် ယာယီမိုး ကာတဲထိုးကာ နေထိုင်နေကြသူများထဲမှ အများစုဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အင်းဒင်ကျေးရွာအနီး ကျေးရွာသစ်တည်ဆောက်မည့်နေရာသို့ အိမ်ထောင်စု ၄၆ စုမှ လူဦးရေ ၁၇၄ ဦး ရောက်ရှိနေပြီဖြစ် ပြီး ၎င်းတို့အတွက် ယာယီ နေထိုင်စားသောက်နိုင်ရန်အတွက် အမိုးအကာနှင့် သောက်သုံးရေ၊ ဆန်ရိက္ခာများ အစိုးရက ထောက်ပံ့ထားကြောင်း သိရသည်။

အင်းဒင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုးက“ဖေဖော်ဝါရီ ၂၃ ရက်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ခရီးစဉ်လာတဲ့အချိန်မှာ အင်းဒင်မှာရွာသစ်ချမယ်ဆိုပြီးတော့ နေအိမ်တစ်ရာဆောက်မယ်။ ဒီဘက်မှာ ရောက်နေတဲ့ သူတွေကို အိမ်ပေးမယ်။ သူတို့ အလုပ်အကိုင်ရအောင်ဆိုပြီးတော့ ယောက်ျား တစ်ယောက်ကို တစ်သောင်း၊ အမျိုးသမီးတစ်ယောက်ကို ခုနစ်ထောင် ဒီမှာ နေရင်းနဲ့ အလုပ်ရအောင် စီစဉ်ထားတာလည်း ရှိပါတယ်။ ပြီးတော့ သင်္ဘောကွေ့မှာ လက်ရှိနေတဲ့သူတွေကိုလည်း ဒီဘက်ကို သူတို့စိတ်ဆန္ဒနဲ့ပေါ့။ ကျွန်တော်တို့က အင်းဒင်ကို လာကိုလာရမှာ။ ဘယ်နေ့နောက်ဆုံးထားပြီး လာရမှာ။ အဲဒီလိုပုံစံမျိုးမဟုတ်ဘူး။ အခုသင်္ဘောကွေ့မှာ နေတဲ့ သူတွေ သင်္ဘောကွေ့ကို သူတို့စိတ်ဆန္ဒနဲ့ လာမယ်ဆိုရင် အစိုးရအစီအစဉ်နဲ့ ဒီဘက်မှာ အိမ်တွေချပေးမယ်။ ပြီးရင် ငါးဖမ်းတဲ့သူတွေ ကိုလည်း ငါးဖမ်းပိုက်တွေ၊ ပေးမယ်ဆိုပြီး စီစဉ်တာပါ။ ပြောင်းရွှေ့လာတဲ့အခါ ခရိုင်အုပ်ချုပ်ရေးမှူးအစီအစဉ်နဲ့ ကားတွေနဲ့ ပြောင်းရွှေ့ပေးပါတယ်။ သူတို့ ဒီဘက်မှာ ယာယီနေလို့ရအောင် တဲတွေထိုးဖို့အတွက် တာပေါ်လင်တို့ စားနပ်ရိက္ခာ လူတစ်ယောက်ကို ခြောက်ပြည်နှုန်းနဲ့ ကူညီပေးပါတယ်” ဟု ပြောကြားသည်။

ကျေးရွာသစ် တည်ဆောက်မည့်နေရာသည် အင်းဒင်ကျေးရွာတောင်ဘက်တစ်မိုင် နီးပါးခန့်အကွာအဝေးတွင် တည်ရှိပြီး နေအိမ်တစ်ရာ တည်ဆောက်ရန်အတွက် မြေကွက်တစ်ရာကိုလည်း ဖေဖော်ဝါရီ ၂၄ ရက်ကတည်းက  အကွက်ရိုက်ထားပြီးဖြစ်ကြောင်းနှင့် မတ်လအတွင်း နေအိမ်တည်ဆောက်မှုများ စတင်တော့မည်ဟု သိရသည်။

Most Read

Most Recent