စစ်တွေမြို့တွင် မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ ဖမ်းဆီးစစ်ဆေးခံနေရသူ ကိုးဦးအထိရှိလာ

စစ်တွေမြို့တွင် မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ ဖမ်းဆီးစစ်ဆေးခံနေရသူ ကိုးဦးအထိရှိလာ
Published 3 March 2018

စစ်တွေမြို့တွင်မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ ဖမ်းဆီးစစ်ဆေးခံနေရသူ ကိုးဦးအထိရှိလာကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၄ ရက်က စစ်တွေမြို့ လမ်းမကြီး မြေစာရင်းရုံးရှေ့၊ ပြည်နယ်တရား ရုံးရှေ့နားနှင့် ကမ်းနားလမ်းရှိ ဦးတင်မောင်ဆွေ (ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေး မှူး) အိမ်နောက်ဘက်ခြမ်း စသည့် သုံးနေရာတွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းသုံးလုံးကိုလည်း တွေ့ရှိခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သံသယရှိသည်ဟုဆိုကာ ဖေဖော်ဝါရီ ၂၅ ရက်က စတင်ပြီး ဖမ်းဆီးမှုများ ရှိလာရာ မတ် ၂ ရက်အထိ ဖမ်းဆီးစစ်ဆေးခံနေရသူ ကိုးဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးစစ်ဆေးခံနေရသူများမှာ (၁) ကိုနိုင်စိုး - ဓညဝတီရပ်ကွက်၊ (၂) ကိုသန်းရွှေ-လမ်းသစ်ရပ်ကွက်၊ (၃) ကိုရွှေထွန်းအောင် - လမ်းသစ်ရပ်ကွက်၊ (၄) ကိုကျော်မြင့်ရွှေ - လမ်းသစ်ရပ်ကွက်၊ (၅) မောင်မြင့်ရွှေ - လမ်းသစ်ရပ်ကွက်၊ (၆) မောင်အေးဝင်း -ကန်တော်ကြီးရပ်ကွက်၊ (၇) မောင်ဦးမြင့် -ကန်တော်ကြီးရပ်ကွက်၊ (၈) မောင်သက်စိုးပိုင် -မင်းဂံရပ်ကွက်၊ (၉) မောင်မြင့်ကြည် -ဆတ်ရိုးကျ ကယ်ဆယ်ရေးစခန်းတို့ဖြစ်ကြောင်း သိရသည်။

ကိုနိုင်စိုးသည် ရခိုင်အမျိုးသားကောင်စီ (ANC) မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် လူမှုရေးဌာနတာဝန်ခံတစ်ဦးဖြစ်ပြီး ကိုနိုင်စိုးအား အမြန်ဆုံးပြန်လွှတ်ပေးရေးအတွက် ရခိုင်အမျိုးသားကောင်စီက ဖေဖော်ဝါရီ ၂၇ ရက်က တောင်းဆိုခဲ့ကြောင်းနှင့် ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်အမျိုးသား ကောင်စီအနေဖြင့်ဖြစ်စေ၊ အဖွဲ့ဝင်များအနေဖြင့်ဖြစ်စေ ပါဝင်ပတ်သက်မှုမရှိကြောင်း ၎င်းတို့၏  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုင်းပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အမှုဖွင့်ထားခြင်း မဟုတ်ကြောင်း၊ မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ သက်ဆိုင်ခြင်း ရှိ မရှိကိုသာ စစ်ဆေးမေးမြန်းနေခြင်းဖြစ်ကြောင်းနှင့် ချုပ်ရမန်ရယူထားခြင်းသာ ဖြစ်ကြောင်းလည်း စစ်တွေမြို့မရဲစခန်းမှ စခန်းမှူးက ပြောကြားသည်။ သို့သော်လည်း ကနဦး ဖမ်းဆီးခံရသူ ကိုနိုင်စိုးပါလေးဦးကို ဖေဖော်ဝါရီ ၂၆ ရက်က မြို့နယ်တရားရုံးသို့ ရုံးထုတ်ကာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က) (ဈ) တို့ ဖြင့် ဆက်လက်စစ်ဆေးရန် မတ် ၁၂ အထိ ချုပ်ရမန်ယူခဲ့ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ဝံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးခိုင်ကောင်းစံက “ကျွန်တော့်အမြင်က သံသယရှိလို့ခေါ်ယူမေးမြန်းတယ်ဆိုရင် ပြည်သူတစ်ယောက်လိုပဲ သူတို့ကို ဆက်ဆံရမယ်ပေါ့။ နောက်တစ်ခုက အပြစ်မရှိဘဲနဲ့တော့ တရားခံပုံစံမျိုး လုပ် တာကိုတော့ ကျွန်တော်တို့အနေနဲ့လက်မခံပါဘူး။ မိသားစုနဲ့တွေ့ခွင့်ပေးရမယ်။ နောက်ပြီး ကျန်းမာရေးမကောင်းတဲ့ ကိုနိုင်စိုးဆိုရင်လည်း ဆေးကုသခွင့်ပေးရမယ်။ ဆေးဝါးသုံးစွဲခွင့်တွေ ပေးရမယ်။ အဆင်ပြေမယ့်နေရာမျိုး မှာထားပေးရမယ်။ သံသယကြောင့် စစ်ဆေးမေးမြန်းလို့တော့ရမယ်။ စွပ်စွဲလ့ိုတော့ မရဘူးပေါ့။ ဒါက ဥပဒေလမ်းကြောင်းအတိုင်း ပြောနေတာပါ။ မိသားစုတွေနဲ့လည်း တွေ့ခွင့်မပြုဘူးဆိုရင် သူတို့မဟုတ်တာများ လုပ်နေလားဆိုတဲ့ဟာက လွတ်လပ်စွာ ထိတွေ့ခွင့်ပြုတဲ့အပေါ် မူတည်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် စစ်ဆေးမေးမြန်းစရာ ရှိသည်ဟု ဆိုပြီး ခေါ်ယူစစ်ဆေးခြင်းခံနေသူ များပြားလာခြင်းအပေါ် ဒေသခံများအနေဖြင့် ဝေဖန်မှုများရှိလာပြီး မိသားစုဝင်များအနေဖြင့်လည်း အပြစ်မရှိသူများအား အမြန်ဆုံးပြန် လွှတ်ပေးစေလိုကြောင်း ပြောဆိုနေကြသည်။

 

Most Read

Most Recent