<

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် သစ်မှောင်ခိုလုပ်ငန်းများ ဆက်လက်ဖြစ်ပေါ်နေ

သစ်မှောင်ခိုလုပ်ငန်းများ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းကတည်းက တစ်လနီးပါးကြာ ဆက်လက်ဖြစ်ပေါ်နေကြောင်း နိုင်ငံရေးပါတီခေါင်းဆောင်များ၊ သစ်မှောင်ခိုလုပ်ငန်းနှင့် ဆက်စပ်သူများ၊ ဒေသခံများက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

သစ်မှောင်ခိုလုပ်ငန်းများနှင့် ဆက်နွှယ်သူတစ်ဦးက တရုတ်နိုင်ငံသို့ သစ်ထုတ်မှုမှာ ကချင်ပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်း လမ်းကြောင်းများမှ သယ်ဆောင်နေကြောင်း၊ ယခုတစ်ကြိမ်မှာ ဒီဇင်ဘာလလယ်ပိုင်းတွင် တပ်မတော်နှင့်  KIA အဖွဲ့တို့ တိုက်ပွဲများဖြစ်ပြီးနောက် ဇန်န၀ါရီတွင် အနည်းငယ် လျော့ကျကာ ဖေဖော်ဝါရီလဆန်းတွင် ပြန်လည်ပြုလုပ်လာခြင်းဖြစ်ကြောင်း ဒေသခံများထံမှလာသော သတင်းများအရ သိရသည်။

သစ်မှောင်ခိုလုပ်ငန်းနှင့် ဆက်စပ်သူ ဒေသခံတစ်ဦးက “ပြန်ဖြစ်နေတာက ဖေဖော်ဝါရီ လဆန်းပိုင်းကတည်းကပါ။ အလုပ်ဖြစ်နေတာက ငါးပတ်လည်၊ ခွန်ပတ်လည် ပေတိုတွေ အလုပ်ဖြစ်နေတာ။ တစ်ချောင်းလေးသောင်းလောက်ရတယ်။ တမလန်းသစ်က ၀ယ်လက်မရှိဘူး။ ဆိုက်ကြီးရချင်တာ။ ကျွန်းနဲ့ ပိတောက်ပဲဖြစ်တာ။ အခု ကုန်ကြမ်းကို မဘိန်း နယ်ဘက်ကရယ်။ ကသာနယ်က လာတယ်။ လမ်းတွေက အများကြီးလေ။ ရှုပ်ယှက်ခတ်နေတာ။ တရုတ်က ဒီနှစ် အကာမယူတော့ဘူး။ ကျွန်းဆိုရင် အနှစ်ချည်းပဲယူတာ။ တရုတ်ကုန်သည်တွေက သစ်စက်တွေကို ကားပေါ်တင်ပြီး စီပိန်း၊ ပင်ခြေ၊ ခေါတော၊ ရမ်းဘို၊ ကွန်း ချောင်းစတဲ့ မဘိမ်းနယ်ကရွာတွေမှာ သွားခွဲပြီးသယ်ကြတာ။ ဖေဖော်ဝါရီလကုန်ပိုင်းက နန့်ဝါတောင်ဘက်မှာ ရှမ်းပြည်နယ်က အရာရှိတွေ လာဖမ်းတယ်။ တခြားသစ်လုပ်ငန်းတွေ များတဲ့နေရာ၊ တရုတ်တွေ ရှိတဲ့နေရာမှာတော့ မရောက်ပါဘူး”ဟု ပြောကြားသည်။

မှောင်ခိုလုပ်ငန်းနှင့် ပတ်သက်သူများကရှမ်းပြည်မြောက်ပိုင်း မဘိမ်းဒေသတွင်  လမ်းခွဲ အဓိကသုံးသွယ်ရှိပြီး ပထမလမ်းမှာ ကချင်ပြည်နယ် စီအူ – နန့်ဟိုင်မှ မန်ဝိန်းကြီး ဒေသ ကျောက်ဖျာဘက်သို့လည်းကောင်း၊ တောလမ်းမှတစ်ဆင့် ဂိုက်ထိပ်လမ်းသို့လည်းကောင်း၊ ဒုတိယလမ်းမှာ ရွှေလီမြစ်ကြောင်းအတိုင်း ဆန်တက်ကာ မန်းဝိန်းကြီးဘက်သို့ လည်းကောင်း၊ မုံးဝီးမှနန့်ခမ်းဘက်သို့လည်း ကောင်း၊ တတိယလမ်းမှာ မဘိန်း – မိုးလိုမှ နန့်ခမ်း ဖြတ်လမ်းမှလည်းကောင်း သယ်ထုတ်နေခြင်းဖြစ်ကြောင်း ပြောကြားသည်။

အောက်ချောင်းကျေးရွာမှ ဒေသခံယာဉ်မောင်းတစ်ဦးက “အခုရက်ပိုင်းဖြစ်နေတာက ရှမ်းပြည်နယ် မဘိမ်းကနေဖောက်ထွက် လာတာ။ မဘိမ်း-စီအူ -နန့်ဟိုင်ဘက်ပေါ့။နှစ်တိုင်းဖြစ်တဲ့နေရာပဲ။ လေယာဉ်ကွင်း၊ မုန်ညှင်းခင်းဘက်ပေါ့။ အဲဒီကနေ မန်ဝိန်းကြီးနဲ့ သုံးမိုင်လောက် ဝေးတဲ့နေရာကိုဖြတ်တာ။လမ်းကြေးတွေက များတယ်။ လောပန်းရှင်းတာ။ ခွဲပေးရတာ။ တရုတ်ဝယ်လက်က မုန်ညှင်းခင်း၊ မိုးလိုဘက်က ကျူဆာ၊ ငရဲမှာစောင့်တာ။ ကေအိုင်အေ၊ ပလောင်အဖွဲ့စုံရှိနေတာ။ တပ်မတော်လည်းရှိတယ်။ ဒေသခံတပ်တွေနဲ့ က လက်နက်ကိုင်အဖွဲ့တွေက ပစ်ခတ်တယ်ဆိုတာ မရှိဘူး။ အောက်ခြေမှာ အကြောင်းသိနေတာချည်းကို။ တိုက်ပွဲဖြစ်တာက အောက်ပိုင်းကတပ်တွေ တက်လာမှ တိုက်ပွဲဖြစ်တာ။ ဒီ ဘက်ကိုတော့ မြန်မာနိုင်ငံသား ၀ယ်လက်တွေ လွှတ်ထားတာ။ မိုးလို – မန်တုံ – မုံးဝီးကနေနန့် ခမ်းက ထွက်တာလည်းရှိတယ်။ ရွှေလီရေအား လျှပ်စစ်ဘက်ထွက်လည်း ရတယ်။ မုန်ညှင်းခင်း၊ လေယာဉ်ကွင်းကသစ်တွေက ဂိုက်ထိပ် လမ်းကြောင်းအဖျားကို ဖြတ်တာပေါ့။ အားလုံးက တရုတ်နိုင်ငံ နောင်တောင်းဘက်ရောက်တာ။ မြန်မာဘက်ကထွက်ရင် အစိုးရဘက် သက်ဆိုင်ရာတွေအားလုံး မီးစိမ်းပြမှ ထွက်လို့ရတာ။ ကေအိုင်အေကတော့ မုန်ဖိုးလောက်ပဲ။ တရုတ်က ကေအိုင်အေအဖွဲ့ဆီမှာ တစ်နှစ်စာ လေလံဆွဲထားပြီးသားဆိုတော့ ပွဲပြီးပဲ။ ယွမ်ငွေတွေ သိန်းချီပြီး ဆောင်ထားရတာလို့ သိရတယ်။ မိုင်ဂျာယန်မှာဆွဲရတာ။ သင်္ကြန်လောက်အထိတော့ ကောင်းကောင်းဖြစ်ဦးမယ်။ ၀ယ်လက်တွေ အများကြီး ထွက်နေတာကိုး” ဟု ပြောကြားသည်။

ဗန်းမော်မြို့မှ ကားသမားတစ်ဦးက“မနေ့ ကဖေဖော်ဝါရီ ၂၈ ရက်မှာ စိန်လုံပတ်လမ်းဘက်မှာ ၀စ်သောက်ကား ငါးစီးဖမ်းသေးတယ်။ ရဲနဲ့ သစ်တောက သစ်တွေယူထားလိုက်တယ်။ ကားတွေကို ပြန်လွှတ်ခဲ့တယ်။ ငါးစီးမှာ သစ်လေးတန်လောက်တော့ ပါမှာပေါ့။ ညဆိုရင်  ကျောက်စခန်း ဂိတ်လမ်းခွဲကနေ လွှတ်ပေးနေတာ။ အခုရက်ပိုင်း တစ်ညအစီး ၂၀ လောက်ရှိတယ်။ လမ်းမှာက သစ်ပိုင်ရှင်ကပဲ ရှင်းတာများတာကိုး။ ဘယ်လောက်လည်းတော့ မသိဘူး။ ကျောက်စခန်းဂိတ်ကို ကွင်းတဲ့လမ်းက ဘုရားကျောင်းထဲဖြစ်ရင်တော့ တစ်စီးတစ်သိန်းပဲ။ကျောက်စခန်းကနေ စိန်လုံကမ္ဘာ – ပန်မူကျေး ရွာဘက်မှာချပြီး ဆိုင်ကယ်နဲ့ ပြန်သယ်ပြီး ၂၆ မိုင်နားမှာထွက်တာ” ဟု ပြောကြားသည်။

ဗန်းမော်ခရိုင်အတွင်း  နှစ်စဉ်သစ်မှောင် ခိုလုပ်ငန်းများနှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်လက်ထက်တွင် လာပေးလာတ်ယူမှု၊ မူးယစ်ဆေးဝါးများသုံးစွဲခြင်း မြင့်တက်လာမှု၊ လူမှောင်ခိုဖြစ်ပွားမှုများပါ ဖြစ်ပေါ်ခဲ့ပြီး ဒေသအတွင်း နှစ်ဖက်လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ၀န်ထမ်းအရာရှိများ၊ လွှတ်တော်ကိုယ် စားလှယ်များပါ လာတ်ပေးလာတ်ယူမှုတွင် ပါဝင်ပတ်သက်နေကြောင်း သတင်းများ ထွက် ပေါ်ခဲ့သော်လည်း မည်သည့်စစ်ဆေးမှုမျှလုပ်ခဲ့သည်ကို မတွေ့ရပေ။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း  မြန်မာနိုင်ငံတစ်နိုင်ငံလုံးအနေဖြင့် သစ်တန်ပေါင်း (ကျွန်း၊ သစ်မာ၊ အခြား) ငါးသောင်းကျော် (၅၀၀၂၆ ဒသမ ၄၉၈၄ ) တန် ဖမ်းဆီးနိုင်ခဲ့ပြီး ယင်းတို့အနက် ကချင်ပြည်နယ်အတွင်းဖမ်းဆီးမှု (ကျွန်း၊ သစ်မာ၊ အခြား)ဖမ်းဆီးမှုမှာ ၁၀၀၉၂ ဒသမ ၇၀၁၉ တန်ရှိခဲ့သဖြင့် ပြည်နယ်နှင့်တိုင်းများတွင် အများဆုံးဖြစ် ကြောင်း သိရသည်။

March 2, 2018














Copy Protected by Chetan's WP-Copyprotect.