ဦးနေဝင်းအစိုးရ အာဏာသိမ်းခဲ့သည့် မတ် ၂ ရက်ကို တောင်သူလယ်သမားနေ့ဟု သတ်မှတ်မှုအစား ဂဠုန်ဆရာစံ နယ်ချဲ့ကို စတင်တော်လှန်ခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်သို့ ပြောင်းလဲသတ်မှတ်ပေးရန် မန္တလေးမြို့၌ ပြုလုပ်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားတွင် တောင်သူများတောင်းဆို

ဦးနေဝင်းအစိုးရ အာဏာသိမ်းခဲ့သည့် မတ် ၂ ရက်ကို တောင်သူလယ်သမားနေ့ဟု သတ်မှတ်မှုအစား ဂဠုန်ဆရာစံ နယ်ချဲ့ကို စတင်တော်လှန်ခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်သို့ ပြောင်းလဲသတ်မှတ်ပေးရန် မန္တလေးမြို့၌ ပြုလုပ်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားတွင် တောင်သူများတောင်းဆို
Published 3 March 2018

မန္တလေးမြို့တွင် မတ် ၂ ရက် (တောင်သူလယ်သမားနေ့) နံနက်ပိုင်းက ပြုလုပ်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားကို တွေ့ရစဉ်

ဦးနေဝင်းအစိုးရ အာဏာသိမ်းခဲ့သည့် မတ် ၂ ရက်ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်မှုအစား ဂဠုန်ဆရာစံ အင်္ဂလိပ်နယ်ချဲ့ကို စတင်တော်လှန်ခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်သို့ ပြောင်းလဲသတ်မှတ်ပေးရန် အတွက် မန္တလေးမြို့တွင် မတ် ၂ ရက် (တောင်သူလယ်သမားနေ့) နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် တောင်သူလယ်သမားနေ့ အခမ်းအနားတွင် တောင်သူများက သဘောထား ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ကြသည်။

တောင်သူလယ်သမားနေ့ အခမ်းအနားကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ တံခွန်တောင်သူလယ်သမားသမဂ္ဂ (အထက်ဗမာပြည်) ရုံးတွင် ပြုလုပ်ခဲ့ပြီး ယာမြေသိမ်းဆည်း ခံထားရသည့် တောင်သူများ အပါအဝင် တောင်သူ ၃၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

“ဒီကနေ့ တောင်သူလယ်သမားနေ့ ပြုလုပ်ရတာက ၁၉၃၀ ခုနှစ်မှာ ဂဠုန်ဆရာစံက နယ်ချဲ့အင်္ဂလိပ်တွေကို တောင်သူလယ်သမားထု ဘက်ကနေပြီးတော့ တော်လှန်ခဲ့တယ်။ အဲဒီအတွက် အထိမ်းအမှတ်သဘော ပြုလုပ်တာ ဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံက ၁၉၆၂ ခုနှစ် မတ် ၂ ရက်မှာပဲ ဦးနေဝင်းအစိုးရက အာဏာ သိမ်းလိုက်တယ်။ အဲဒီအာဏာသိမ်းခဲ့တဲ့ မတ် ၂ ရက်ကို တောင်သူလယ်သမားနေ့ဆိုပြီး ပြောင်းလဲသတ်မှတ် ပစ်လိုက်တယ်။ ကျွန်တော်တို့ တောင်သူလယ်သမားတွေ တော်လှန်ခဲ့ကြတဲ့နေ့ကို မသတ်မှတ်ခဲ့ဘူး။ လက်ရှိ အစိုးရကလည်း တောင်သူလယ်သမားနေ့တွေကို အလေးထား ကျင်းပတာလည်း မရှိပါဘူး။ အဲဒီလို မလုပ်တာကလည်း သမိုင်းကို မှေးမှိန်အောင် ပြုလုပ်တယ်လို့ ထင်တယ်။ တောင်သူလယ်သမားတွေဟာ နိုင်ငံရဲ့ ရေသောက်မြစ်တွေ ဖြစ်ပါတယ်။ ဒါကြောင့် တောင်သူလယ်သမားနေ့ကို ဂဠုန်ဆရာစံနဲ့အတူ လယ်သမားတွေ တော်လှန်ခဲ့ကြတဲ့ ဒီဇင်ဘာ ၂၂ ရက်ကို ပြောင်းလဲသတ်မှတ်ပေးဖို့ တောင်းဆိုပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ တံခွန်တောင်သူလယ်သမားသမဂ္ဂ (အထက်ဗမာပြည်) ဥက္ကဋ္ဌ ဦးလင်းထင်စိုးက ပြောကြားသည်။

ထို့ပြင် တောင်သူများ၏ တောင်သူလယ်သမားနေ့ ပြောင်းလဲသတ်မှတ်ပေးရန် တောင်းဆိုမှုကို အစိုးရထံ စာပေးပို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

မတ် ၂ ရက်က မန္တလေးမြို့တွင် ပြုလုပ်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားတွင် တက်ရောက်လာသည့် တောင်သူများက လက်ရှိရင်ဆိုင်နေရသည့် လယ်ယာမြေ ပြဿနာများ၊ ယာမြေသိမ်းဆည်းခံရမှုနှင့် အမှုဖွင့် တရားစွဲဆိုခံနေရမှုများ အပါအဝင် တောင်သူလယ်သမားနေ့ ပြောင်းလဲသတ်မှတ်ပေးရန်အတွက် တောင်းဆိုခဲ့ကြသည်။

အခမ်းအနားအပြီးတွင် တောင်သူများက မဟာမုနိဘုရားကြီးသို့ သွားရောက်ပြီး ဂဠုန်ဆရာစံ အပါအဝင် ခေတ်အဆက်ဆက်က ကျဆုံးသွားခဲ့သည့် လယ်သမားရဲ ဘော်များကို ဆုတောင်းအမျှ ပေးဝေမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် တောင်သူများ၏ သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ကျွနု်ပ်တို့ မြန်မာနိုင်ငံ၏ လူဦးရေ ၇၂  ရာခိုင်နှုန်းကျော်မှာ တောင်သူလယ်သမား မိသားစုဝင်များ ဖြစ်ကြောင်း၊ တောင်သူလယ်သမားများ၏ အခက်အခဲ အကျပ်အတည်းများကို ဖြေရှင်းပေးရန် တောင်းဆိုကြောင်း၊ လယ်ယာမြေ သိမ်းဆည်းခံ တောင်သူလယ်သမားများကို ဥပဒေပုဒ်မ အမျိုးမျိုးတပ်၍ တရားစွဲဆိုနေခြင်း၊ မတရားဖမ်းဆီး ထောင်သွင်းအကျဉ်းချနေခြင်းတို့ကို ချက်ချင်းရုပ်သိမ်းပေးရန်၊ လယ်ယာမြေ သိမ်းဆည်းခံ တောင်သူလယ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသူများကို မတရားဖမ်းဆီး ချုပ်နှောင်ခြင်းများကို ရုပ်သိမ်းပေးရန်၊ ၂၀၁၇ ခုနှစ် လယ်ယာမြေသိမ်း ဥပဒေသည် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ထိခိုက်စေသော ဥပဒေတစ်ရပ်ဖြစ်နေ၍ တောင်သူလယ်သမားထု တစ်ရပ်လုံးက ကန့်ကွက်ကြောင်း၊ မတ် ၂ ရက်သည် တော်လှန်ရေး ကောင်စီ၏ အာဏာသိမ်းခဲ့သော နေ့တစ်နေ့ဖြစ်ကြောင်း၊ ယင်းနေ့ကို တောင်သူလယ်သမားနေ့ဟု သတ်မှတ်မည့်အစား ၁၉၃၀ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှာ တောင်သူလယ်သမား ခေါင်းဆောင် ဂဠုန်ဆရာစံက နယ်ချဲ့အင်္ဂလိပ် ကိုလိုနီကို စတင်တော်လှန်ခဲ့သောနေ့ ဖြစ်သောကြောင့် နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာ ၂၂ ရက်ကို တောင်သူလယ်သမားနေ့ဟု ပြောင်းလဲသတ်မှတ်ပေးရန် တောင်းဆိုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဌေးလှအောင်

Most Read

Most Recent