ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ အိုင်ဇောက်ကျေးရွာရှိ သဘာဝမြေနုကျွန်းကို ဒေသခံမြေယာမဲ့များအား ချထားပေးရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တောင်းဆို

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ အိုင်ဇောက်ကျေးရွာရှိ သဘာဝမြေနုကျွန်းကို ဒေသခံမြေယာမဲ့များအား ချထားပေးရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တောင်းဆို
Published 3 March 2018

ငါးသိုင်းချောင်းမြို့ အိုင်ဇောက်ကျေးရွာရှိ သဘာဝမြေနုကျွန်းကို တွေ့ရစဉ်

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ အိုင်ဇောက်ကျေးရွာရှိ သဘာဝမြေနုကျွန်းအား ဒေသခံ မြေယာမဲ့များ လုပ်ကိုင်ပြုရန် တိုင်းဒေသကြီးအစိုးရထံ ဒေသခံရွာသားမှ အိုင်ဇောက်ရွာရှိ လယ်ကူအဖွဲ့ရုံးတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်တောင်းဆိုခဲ့သည်။

ငဝန်မြစ်ကြောင်း ပြောင်းလဲမှုကြောင့် ရွာဘေးတစ်လျှောက်တွင် ၂၀၁၃ ခုနှစ်ခန့်က စတင်ပေါ်ပေါက်လာသော သဘာဝမြေနုကျွန်းအား ၂၀၁၄ ခုနှစ်တွင် တင်ပြတောင်းခံခဲ့ရာ တစ်နှစ်သာ လုပ်ကိုင်ခွင့်ရရှိပြီးနောက် ရွာကျောင်းကော်မတီမှ လေလံတင်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုနောက်ပိုင်းတွင် လုပ်ပိုင်ခွင့် မပြုတော့သဖြင့် မြေယာမဲ့တောင် သူ ၇၀ ကျော်မှမြေနုကျွန်း ဥပဒေနှင့် ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။

“ဒီမြေနုကျွန်းတွေကို အိမ်နောက်ဖေးနဲ့ တစ်ဆက်တည်း ရှိတဲ့သူတွေ ဆက်လုပ်နေတယ်။ တစ်ဆက်တည်း ရှိနေတဲ့ ကိုင်းသမားတွေကလည်း ဆက်လုပ်နေတယ်။ ကျွန်တော်တို့ မြေယာမဲ့တွေ အလယ်မှာ ဘောလုံးကွင်း နှစ်ကွင်းစာလောက်ကလေး ချပေးခဲ့တဲနှစ်ကလည်း ခြောက်သိန်းကျော်ကို ပေးဆောင်ရတယ်။ အခုတော့ ငွေကြေးချမ်းသာသူတွေက လုပ်ခွင့်ရပြီး မြေယာမဲ့ တောင်သူတွေကိုတော့ ဘယ်သူမှ မလုပ်ရဆိုပြီး၂၀၁၇ မှာတားမြစ်ပြီး ဒီအတိုင်း ပစ်ထားတယ်။ အခုတော့ ဘယ်သူအတွက် အကျိုးမရှိပါဘူး” ဟု မြေယာမဲ့တောင်သူ တစ်ဦးဖြစ်သူ ဦးအောင်မြိုင်က ပြောကြားသည်။

မြေနုကျွန်းအား အမြန်ဆုံးခွဲဝေစီမံပေးရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုထားပြီး မြေငှားရမ်းခ ပေးဆောင်ရမည် ဆိုပါက ပေးဆောင်မည်ဖြစ်ပြီး ယခုကဲသို့ ပလပ်မြေအဖြစ် ပစ်ထားသောကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ အကျိုးမရှိကြောင်း၊ တစ်ဧကလျှင် ပဲ တင်း ၂၀ ထွက်လျှင် တစ်နှစ်လျှင် ပဲတင်း ၆၀၀ ခန့် ရရှိမည့် အခွင့်အရေး ဆုံးရှုံးကြောင်းနှင့် မြေနုကျွန်းများ ရေမလွှမ်းခင် အချိန်မီစီမံ ဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံမြေယာမဲ့များက တောင်းဆိုခဲ့သည်။

“ဒီမြေနုကျွန်းအပေါ်မှာ အဖွဲ့လေးဖွဲ့လောက် ကွဲပြားပြီး ဖြစ်နေတာပါ။ ဒီလိုပြဿနာတွေကြောင့် ကျေးရွာအတွင်း တရားဥပဒေ စိုးမိုးရေး မရှိသလောက် ဖြစ်နေပါတယ်။ တိုင်းဒေသကြီး အစိုးရအနေနဲ့ ပထမဆုံးရွာမြေနဲ့ မြေနုခွဲခြားပြီးနောက်ပိုင်း လယ်မဲယာတွေကို စီးပွားရေး စစ်တမ်းကောက် မြေနုကျွန်းနဲ့ လယ်မြေမဲ့ အရေအတွက် အချိုးချပြီး မဲနှိုက်ပြီးတော့ဖြစ်ဖြစ် လုပ်ကိုင်ပေးရင် အဆင်ပြေပါတယ်။  ဒီကနေ ကျေးရွာဖွံ့ဖြိုးရေး အတွက်လည်း ရန်ပုံငွေ ကောက်ခံလိုရပါတယ်” ဟု လယ်ယာမဲ့ လုပ်သားကူညီ ဆောင်ရွက်ရေးအဖွဲ့မှ ဦစိန်မှတ်က ပြောကြားသည်။

အိုင်ဇောက်ကျေးရွာအနီး ငဝန်မြစ်ကမ်းခြေ တစ်လျှောက်တွင် အနည်းဆုံး ဧက ၂၀ ခန့်ရှိသည့် မြေနုကျွန်းများ ပေါ်ပေါက်လျက်ရှိပြီး နောင်နှစ်နှစ်ခန့်တွင် စတင်ကာ ကိုင်းသီးနှံများ စိုက်ပျိုးနိုင်မည် ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

 

Most Read

Most Recent