နဖူးတွင် သေနတ်ဒဏ်ရာဖြင့် မြစ်ထဲတွင် သေဆုံးနေသည့် ထိုင်းရောက် မြန်မာအလုပ်သမားအမှုကို အမှုမှန်ပေါ်ပေါက်ရေး အလုပ်သမား သံအရာရှိရုံး ကူညီမည်

နဖူးတွင် သေနတ်ဒဏ်ရာဖြင့် မြစ်ထဲတွင် သေဆုံးနေသည့် ထိုင်းရောက် မြန်မာအလုပ်သမားအမှုကို အမှုမှန်ပေါ်ပေါက်ရေး အလုပ်သမား သံအရာရှိရုံး ကူညီမည်
Published 3 March 2018

မြန်မာလုပ်သား၏ အလောင်းအား တာဝန်ရျိသူများက ဆယ်ယူနေစဉ်

နဖူးတွင် သေနတ်ဒဏ်ရာဖြင့် မြစ်ထဲတွင် သေဆုံးနေသည့် ထိုင်းရောက် မြန်မာလုပ်သား တစ်ဦးအမှု အမှုမှန်ပေါ်ပေါက်ရန် မြန်မာသံရုံး အလုပ်သမား သံအရာရှိရုံးက ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မဟာချိုင်ဒေသ ဘန့်ဖရောင်းမြို့နယ် ထာ့ကျင့်မြစ်အတွင်းမှ လက်ပြန်ကြိုး တုပ်ခံထားရပြီး နဖူးတွင် သေနတ်ဒဏ်ရာဖြင့် ပုပ်ပွသေဆုံးလျက်ရှိသည့် မြန်မာရွှေ့ပြောင်း လုပ်သားတစ်ဦး၏ အလောင်းကို ဖေဖော်ဝါရီ ၁၁ ရက်က ထိုင်းအာဏာပိုင်များက ဆယ်ယူရရှိခဲ့သည်။

သေဆုံးခဲ့သည့် အလုပ်သမားမှာ ၂၆ နှစ်အရွယ် ကျော်မင်းဦး(ခ) မင်းခိုင်ဦး ဆိုသူဖြစ်ပြီး ဖေဖော်ဝါရီ ၆ ရက်က ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၁ ရက်တွင် သေဆုံးလျက် မြစ်အတွင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။  ထိုင်းလူမျိုး သူဌေးတစ်ဦး၏ နေအိမ်အတွင်း စိုက်ပျိုးထားသည့် ဘိန်းစာရွက်ပင်ကို သေဆုံးသူနှင့်သူ ငယ်ချင်းများက ညဘက်သွားရောက် ခိုးခူးရာမှ ကျော်မင်းဦးကိုဖမ်းမိပြီး အသတ်ခံရခြင်း ဖြစ်နိုင်ကြောင်း သေဆုံးသူ၏ မိခင်နှင့် ဆွေမျိုးများက စွပ်စွဲကာ ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့မှုကို သူဌေးမှ ငြင်းဆိုပြီး ၎င်း၏ခြံဝင်း အတွင်းမှ ထွက်ပြေးပျောက်ဆုံး သွားခြင်းသာဖြစ်ကြောင်း ရဲကိုဖြေကြားထားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြန်မာသံရုံး အလုပ်သမား သံအရာရှိချုပ် ဦးစန်းမောင်ဦးက “သတင်းဝဘ်ဆိုဒ်တွေမှာ ရေးထားတာ တွေ့ရသလောက်ကတော့ ကာယကံရှင်ရဲ့ မိဘဆွေမျိုးတွေရဲ့ ပြောပြချက်အရ ဒီလိုမျိုး ဘိန်းစာရွက်ခိုးခူးလို့ မိသွားပြီး အသတ်ခံရတယ် ထင်တယ်ဆိုပြီး တွေ့ရတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့တော့ ဘိန်းစာရွက်ကို ခူးလို့ ဒီလိုဖြစ်တယ် ဆိုတာကိုတော့ မပြောချင်ဘူး။  သေချာတာ တစ်ခုက ဒါက လူသတ်မှုက သေချာတယ်။ အလောင်းတွေ့ပြီးနောက် တစ်နေ့မှာ ဒီအန်အေစစ်ဖို့ ရဲဆေးရုံကို ကျွန်တော်တို့လွှဲထားတယ်။ ကျွန်တော်တို့ အလုပ်သမား သံအရာရှိ ရုံးအနေနဲ့ ဒီအမှုမှန်ပေါ်ပေါက်ဖို့ ဝိုင်းပြီးပံ့ပိုး ကူညီမှာပါ။ လိုအပ်တာတွေကူညီမယ်။ ဒါပေမယ့် ဘိန်းစာရွက် ခိုးခူးလို့သူဌေးက သတ်လိုက်တယ် ဆိုတာမျိုးတော့ ကျွန်တော်တို့ မစွပ်စွဲချင်ဘူး” ဟု မတ် ၂ ရက်က ပြောကြားသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး အလုပ်သမား သံအရာရှိ တစ်ဦးကို တာဝန်ပေးထားပြီး ထိုင်းရဲတပ်ဖွဲ့ အနေဖြင့်လည်း လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေကြောင်း၊ စစ်ဆေးပြီးပါက ထွက်ပေါ်လာသည့်ရလဒ်ကို အလုပ်သမား သံအရာရှိရုံး အနေဖြင့် သွားရောက် နားထောင်ပြီး ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း၊ အကယ်၍ ကာယကံရှင် မိသားစုအနေဖြင့် ကျေနပ်မှုမရှိပါက ၎င်းတို့၏ ဆန္ဒသဘောအရ လုပ်ဆောင်ချင်သည့် အရာများကို ကူညီဆောင်ရွက်ပေးမည်ဟု ၎င်းကဆက်လက် ပြောကြားသည်။

“အားလုံးပြီးလို့ သူတို့ရဲ့ တွေ့ရှိချက် အပေါ်ကို ကျွန်တော်တို့ သွားနားထောင်မယ်။ တကယ်လို့ အဲဒီတွေ့ရှိချက်က အဆင်မပြေဘူးဆိုရင် ကာယကံရှင်မိသားစုရဲ့ဆန္ဒအရ သူတို့ဖြစ်ချင်တာကို ဝိုင်းကူညီ ပေးသွားပါမယ်” ဟု ဦးစန်းမောင်ဦးက ပြောကြားသည်။

၂၀၁၇ ခုနှစ် သြဂုတ် ၆ ရက်ကလည်း ထိုင်းနိုင်ငံ ရပ်ဘူရီခရိုင်ဘန်ပုံနယ်မြေရှိ ထိုင်းလူမျိုး သူဌေးတစ်ဦး၏ နေအိမ်တွင် အလုပ်လုပ်နေသော ၁၇ နှစ်အရွယ် မနော်ညိုအေးသည် ဦးခေါင်းနောက်တွင် သေနတ်ဒဏ်ရာ နှစ်ချက်ဖြင့် သေဆုံးခဲ့သည့်အမှုကို မိမိကိုယ်ကိုယ် သတ်သေမှုဖြင့် အမှုဖွင့်ထားမှုကိုလည်း ထိုင်းအထူး စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့မှ စစ်ဆေးနေသည်။

 

Most Read

Most Recent