လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာဒေါ်ညိုညိုသင်း ဦးဆောင်၍ ငြိမ်းစုစီ ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား ရန်ကုန်မြို့၌ မတ် ၅ ရက်တွင် ကန့်ကွက်ဆန္ဒပြမည်

လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာဒေါ်ညိုညိုသင်း ဦးဆောင်၍ ငြိမ်းစုစီ ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား ရန်ကုန်မြို့၌ မတ် ၅ ရက်တွင် ကန့်ကွက်ဆန္ဒပြမည်
Published 3 March 2018

ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ကန့်ကွက်ရန်အတွက် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ ရန်ကုန်မြို့ရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- Nandar Sitt Aung Facebook)

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ရန်ကုန်မြို့၌ မတ် ၅ ရက်တွင် ကန့်ကွက်ဆန္ဒပြမည်ဖြစ်ကြောင်း ဦးဆောင်သူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက မတ် ၂ ရက်တွင် ပြောကြားသည်။

အဆိုပါ ငြိမ်းစုစီ ဥပဒေကြမ်းကန့်ကွက်ဆန္ဒပြပွဲပြုလုပ်ရာတွင်  ပထမဦးစွာ မတ် ၅ ရက်  မွန်းလွဲ ၁ နာရီမှစပြီး သခင်မြပန်းခြံ၌  ငြိမ်းစုစီဥပဒေကြမ်းနှင့်ပတ်သက်၍ ဟောပြောမည်ဖြစ်ပြီး ၂ နာရီခန့်တွင် မဟာဗန္ဓုလပန်းခြံသို့ ငြိမ်းချမ်းစွာ ချီတက်ကာ အဆိုပါပန်းခြံတွင်လည်း ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ထပ်မံဟောပြောမည်ဖြစ်ပြီး ခန့်မှန်းလူဦးရေ ၁၀၀၀ ခန့်တက်ရောက်ရန် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများသို့ အသိပေး အကြောင်းကြားစာ တင်ထားကြောင်း ဒေါက်တာညိုညိုသင်းက ပြောကြားသည်။ ယခုလက်ရှိတွင် ငြိမ်းစုစီဥပဒေကြမ်း ကန့်ကွက်ဆန္ဒပြပွဲပြုလုပ်ရန်အတွက် အလုံ၊ လသာ၊ လမ်းမတော်၊ ပန်းဘဲတန်းနှင့် ကျောက်တံတားမြို့နယ်ရဲစခန်းတို့ တွင် မတ် ၁ ရက်မှ စ၍ အသိပေးအကြောင်းကြားစာများ လိုက်တင်နေကြောင်း ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

“ဒီဥပဒေကို  ပြင်ဆင်တဲ့ဥပဒေကြမ်းကို ဖျက်သိမ်းဖို့ပဲ။ ပြင်ဆင်ချက်က သုံးခုတည်း ရှိတယ်။ သုံးခုစလုံးက အမှန်တကယ်တော့ ဥပဒေအနေနဲ့လုပ်ဖို့ မလိုအပ်ဘူးပေါ့။ အဲဒီတော့ ပြင်ဆင်ချက်သုံးခုမှာ နှစ်ခုက အင်မ တန်ေ၀ဝါးပြီးတော့ ပြည်သူလူထုကို ဖိနှိပ်ခဲ့တဲ့ စကားလုံးတွေကို သုံးထားတယ်။ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အများရပ်ရွာအေးချမ်းသာယာရေးနဲ့ ပြည်သူလူထုရဲ့ ကိုယ်ကျင့်တရား အကျိုးငှာဆိုတဲ့ စကားလုံးတွေပေါ့။ ဒီစကားလုံးတွေက ဖွဲ့စည်းပုံအခြေခံဥပဒေအရပါတဲ့ စကားလုံးတွေဖြစ်တယ်။ အာဏာပိုင်တွေက အဓိကက ဒီစကားလုံးတွေက မကောင်းဘူးလို့ ပြောတာ မဟုတ်ဘူး။ ဒီစကားလုံးတွေကို သုံးစွဲ၊ ဒီစကားလုံးတွေကို တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုထား တာမရှိတဲ့အတွက်ကြောင့်မို့လို့ အာဏာပိုင်တွေက ကိုယ်နဲ့ အယူအဆမတူတဲ့လူတွေကို ကွဲပြားတဲ့လူတွေလို့ အလွယ်တကူ ဒီစကားလုံးတွေကို သုံးစွဲပြီးတော့ ဖိနှိပ်ခဲ့တဲ့ သာဓကတွေ အန်တီတို့နိုင်ငံသမိုင်းကြောင်းမှာ အပြည့်ရှိလို့ အများကြီးရှိလို့ပဲ။ ဒါကြောင့်မို့လို့ အဲဒီလိုမျိုး ဖိနှိပ်မှုတွေ မိမိနဲ့ အမြင်မတူတဲ့သူတွေကို ဒီစကားလုံးတွေကို သုံးစွဲပြီးတော့ ဖိနှိပ်မှုတွေ ဖြစ်လာမှာစိုးတဲ့အတွက်ကြောင့်မို့လို့ ဒီဥပဒေကိုကြမ်းကို ကန့်ကွက်တာဖြစ်တယ်။ ဥပဒေပြုသူတွေက ဒီကိစ္စကို မခန့်မှန်းမိဘူး။ ဘာလို့လဲဆိုတော့ ဥပဒေပြုသူတွေက စိတ်ကောင်းစေတနာနဲ့ ဘယ်လောက်ပဲပြုပြု ဒီဥပဒေကို အကောင်အထည်ဖော်မယ့်သူတွေကို ဥပဒေပြုသူတွေလိုမျိုး စိတ်ကောင်း စေတနာတွေနဲ့ အဓိပ္ပာယ်ဖွင့်ဆိုဖို့ ဆိုတာက ခဲယဉ်းလိမ့်မယ်လို့ အန်တီတို့ ထင်တယ်” ဟု ပြောကြားသည်။

ငြိမ်းစုစီဥပဒေကြမ်းကို ဖေဖော်ဝါရီ ၁၉ ရက်က ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက အဆိုတင်သွင်းခဲ့ပြီး အဆိုပါဥပဒေကြမ်း ပုဒ်မ ၄၊ ပုဒ်မခွဲ (ဃ) ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုလုပ်မည့် အစီအစဉ်၊ ခန့်မှန်းလူဦးရေ၊ ခန့်မှန်းကုန်ကျစရိတ်နှင့် ကုန်ကျခံမည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းဟု ပြင်ဆင်ထားသည်။

ထို့ပြင် ဥပဒေကြမ်း၏ ပုဒ်မ ၄ ခြေဆင်းကို ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း အခွင့်အရေးတို့ကို သုံးစွဲဆောင်ရွက်လိုသော နိုင်ငံသားများ သို့မဟုတ် အဖွဲ့အစည်းများသည် နိုင်ငံတော်လုံ ခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိသဘောထားဆန္ဒကို ဖော်ပြန်ရန်အလို့ငှာ အောက်ပါအချက်များပါရှိသော အသိပေးတင်ပြချက်ကို သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးထံ ယင်းသို့ ဆောင်ရွက်မည့်နေ့မတိုင်မီ အနည်းဆုံး ၄၈ နာရီ ကြိုတင်၍ အသိပေးတင်ပြချက် မိတ္တူကို ပေးပို့ရမည်ဟု အစားထိုး၍ ပြင်ဆင်ထားသည်။

ထို့အတူ ဥပဒကြမ်း၏ အခန်း ၇ ပြစ်မှု နှင့်ပြစ်ဒဏ်များ ခေါင်းစဉ်၏ အောက်တွင် ပုဒ်မ ၁၈ အဖြစ် မည်သူမဆို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးတို့ကို ပျက်ပြားစေရန် အကြံဖြင့်ဖြစ်စေ၊ ထို့သို့ ပျက်ပြားတန်ရာသော အခြေအနေဖြစ်နိုင်ကြောင်း သိလျက်နှင့်ဖြစ်စေ ငွေ သို့မဟုတ် ပစ္စည်းကိုသော်လည်းကောင်း၊ အခြားနည်းလမ်းတစ်ခုခုကိုသော်လည်းကောင်း သုံးစွဲ၍ သူတစ်ဦးဦးအား ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုအောင် လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်း သို့မဟုတ် တိုက်တွန်းခြင်းကို ပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချ မှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု အစားထိုးပြင်ဆင်ထားသည်။

ဒေါက်တာ ညိုညိုသင်းက “ဒီဥပဒေကြမ်းက မလိုအပ်တဲ့ ဥပဒေကြမ်းဖြစ်တယ်။ သို့သော်အစိုးရရဲ့ စိုးရိမ်မှုတွေကိုတော့ တွေ့ရတယ် ။ အစိုးရရဲ့ စိုးရိမ်မှုတွေက ဆန္ဒပြပွဲတွေမှာ လက်မည်းကြီးတွေကို ဖော်ထုတ်ချင်တယ်ဆိုတာ အန်တီတို့ သိရတယ်။ အဲဒီတော့ ဆန္ဒပြပွဲတွေမှာ  လက်မည်းကြီးတွေကို ဖော်ထုတ်ချင်တယ်ဆိုလို့ရှိရင် ဥပမာအားဖြင့် တချို့ဆန္ဒပြပွဲတွေမှာ တစ်နေ့ကို ၃ç၀၀၀ ပေးတဲ့လူတို့၊ ၅ç၀၀၀ ပေးတဲ့သူတို့ အဲဒါမျိုးတွေ သိချင်တယ်ဆိုလို့ရှိရင် အခုလက်ရှိ တည်ဆဲဥပဒေအရ အသိပေး တင်ပြချက်တင်တဲ့အခါ မှာ စည်းကမ်းချက်တွေကို ထပ်ပြီး ထည့်လိုက်ရုံပဲ။ ခန့်မှန်းကုန်ကျစရိတ်၊ အကုန်ကျခံတဲ့ ငွေစာရင်းပေါ့နော်။ ဒီဟာကို အကုန်ကျခံတဲ့ သူပေါ့။ သိချင်တာတွေ ရှိလို့ရှိရင် ထည့်ပေး လိုက်ရုံပဲပေါ့။ အခုလိုမျိုး ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာပါတဲ့ ယေဘုယျဆန်တဲ့ စကားလုံးတွေကို သုံးစွဲပြီးတော့ ပြည်သူလူထုကို ဖိနှိပ်နိုင်တဲ့ ဥပဒေတစ်ခုကို ပြဋ္ဌာန်းပေးစရာ မလိုဘူးပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေက သိထားရမှာက ကိုယ်ကျန်တဲ့ သက်တမ်းက သုံးနှစ်ပဲ ကျန်တယ်။ အဲဒီတော့  သုံးနှစ်ပြီးလို့ အပြင်လောကကို ပြန်ရောက်လာတဲ့အခါမှာ ကိုယ်ပြဋ္ဌာန်းတဲ့ဥပဒေနဲ့ ကိုယ်က ပြန်ပြီးတော့ ဓားစာခံ ဖြစ်နိုင်တဲ့အနေအထားတွေလည်း အများကြီးဖြစ်လာနိုင်တယ်ဆိုတာကို ကြိုတင်ခန့်မှန်းသင့်တယ်ပေါ့။ ဒါကြောင့်မို့လို့ သူတို့ရဲ့ အဲဒီလို နိုင်ငံရေးလှုပ်ရှားမှုတွေကို အာဏာပိုင်တွေကို မလိုရင် မလိုသလို၊ လိုရင်လို သလိုပေါ့။ ဖိနှိပ်နိုင်မယ့် အဓိပ္ပာယ်ကို လိုရာဆွဲပြီးတော့ ဖိနှိပ်နိုင်မယ့် ပြဋ္ဌာန်းချက်တွေကို ကိုယ်ဥပဒေပြုအမတ်ဖြစ်တဲ့အချိန်မှာ မရေးဆွဲသင့်ဘူးလို့ထင်တယ်။ ဒါကြောင့် ရေရှည် ကို စဉ်းစားပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေ ရေရှည်ကို စဉ်းစားနိုင်ရန် ရည်ရွယ်ပြီးတော့ အန်တီတို့ ဟောပြောပွဲကို လုပ်မယ်။ ပြည်သူလူထုကိုလည်း နားလည်အောင် ရှင်းပြမယ်” ဟု ပြောကြားသည်။

ဥပဒေကြမ်းတွင် “မည်သူမဆို ပုဒ်မ ၁၈ မှအပ ဤဥပဒေကို ပြစ်မှုတစ်ခုခုကို ဖောက်ဖျက်ကျူးလွန်ပါက ထိုသူကို ပြစ်မှုကျူးလွန်သည့်နေ့မှ ၁၅ ရက်အတွင်း သက်ဆိုင်ရာ တရားရုံးသို့ တရားစွဲဆိုတင်ပို့ရမည်”ဟုလည်း ပြင်ဆင်ထားသည်။

 

Most Read

Most Recent