ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များ စခန်းချရာအနီး ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ တပ်စွဲရခြင်းမှာ ARSA လှုပ်ရှားမှုနှင့်ပတ်သက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ပြောကြား

ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များ စခန်းချရာအနီး ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ တပ်စွဲရခြင်းမှာ ARSA လှုပ်ရှားမှုနှင့်ပတ်သက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ပြောကြား
Published 3 March 2018

ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များ စခန်းချရာအနီး ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ တပ်စွဲရခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက  မတ် ၂ ရက်တွင် ကာကွယ်ပြောကြားခဲ့ကြောင်း သိရသည်။

ထောင်နှင့်ချီသော ဘင်္ဂါလီဒုက္ခသည်များ စခန်းချနေသည့် ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ဇုန်တစ်ခုတွင် အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုကို အကြောင်းပြကာ မြန်မာလုံခြုံရေးတပ်များကို လောလောလတ်လတ် ချထားမှုအား ဘင်္ဂလားဒေ့ရှ်က တင်းမာမှုများကို လျှော့ချရန် ချက်ချင်း နောက်ဆုတ်ပေးရန်အတွက် တောင်းဆိုခဲ့ရာ၌ မတ် ၂ ရက်တွင် မြန်မာနိုင်ငံဘက်က ကာကွယ်ပြောကြား ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် သြဂုတ်လတွင် မြန်မာနိုင်ငံက စစ်ဆင်ရေးတစ်ရပ်ပြုလုပ်ခဲ့ပြီးနောက် ထွက်ပြေးလာခဲ့သည့် ဘင်္ဂါလီမွတ်စလင် ၆၀၀၀ ခန့် နေထိုင်ရာ နှစ်နိုင်ငံအကြားရှိ လူသူမနေသည့် ကမ်းမြောင်တစ်ဝိုက်၌ ယခုသီ တင်းပတ်အတွင်း မြန်မာနိုင်ငံက လုံခြုံရေး တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

မြန်မာတပ်မတော်က ပြုလုပ်ခဲ့သော စစ်ဆင်ရေးကြောင့် ဒုက္ခသည်ပေါင်း ၇၀၀ç၀၀၀ ခန့်သည် နယ်စပ်ကို ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာပြီး အများစုသည် ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ပိုင်း နယ်စပ်ရှိ ကော့ဘဇားခရိုင် ဒုက္ခသည် စခန်းများ၌ နေထိုင်လျက်ရှိသည်။

မြန်မာနိုင်ငံက စစ်ဆင်ရေးပြုလုပ်ရခြင်းမှာ လွန်ခဲ့သည့်နှစ်က ရဲစခန်းများကို ဝင်ရောက်စီးနင်းခဲ့ကြသည့် ဘင်္ဂါလီမွတ်စလင် အကြမ်းဖက်သမားများကို နှိမ်နင်းရန်သာဖြစ်ကြောင်း ကာကွယ်ပြောကြားခဲ့သည်။

မကြာသေးမီက နယ်စပ်တစ်လျှောက် လုံခြုံရေးမြှင့်တင်ရခြင်းမှာ ဘင်္ဂါလီမွတ်စလင် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုနှင့်ပတ်သက်၍ ထောက်လှမ်းရေးသတင်း အသစ်များကို တုံ့ပြန်မှုတစ်ရပ်သာဖြစ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားခဲ့သည်။

“အကြမ်းဖက်မှု အထူးသဖြင့် ARSA လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ရထားတဲ့ သတင်းအပေါ်အခြေခံပြီး ကျွန်တော်တို့ ဒီနည်းအတိုင်း ပြုလုပ်ရတာဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ဘင်္ဂါလီ မွတ်စလင်အကြမ်းဖက်အဖွဲ့၏ နာမည်အတိုကောက်ကို အသုံးပြုလျက် အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

ဦးဇော်ဌေးက “ဒါဟာ ဘင်္ဂလားဒေ့ရှ်ကို ရန်လုပ်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး” ဟု လည်း ပြောကြားခဲ့သည်။

မတ် ၁ ရက်က မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြီး မြန်မာလုံခြုံရေးတပ်များကို စစ်လက်နက်များနှင့်အတူ ယင်းဒေသမှနေ၍ ချက်ချင်း နောက်ဆုတ်ပေးရေးအတွက် မြန်မာအာဏာပိုင်များအား အသိပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက  ပြောကြားခဲ့သည်။

မကြာသေးမီ သီတင်းပတ်များအတွင်း ၎င်းတို့သည် စခန်းမှ ကိုက်အနည်းငယ်အကွာ သံဆူးကြိုးကာ နယ်စပ်ခြံစည်းရိုးတစ်လျှောက် ကင်းလှည့်မှုများ တိုးမြှင့်လုပ်ဆောင်လာသည့် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် များထံမှ ဖိအားပေးမှုများကို ခံလာရပြီး မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒုက္ခသည်များကို ထွက်ခွာသွားရန် အမိန့်ပေးသည့် မက်ဆေ့ချ်များအား လော်စပီကာများမှတစ်ဆင့် ထုတ်လွှင့်ခဲ့ကြသည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် ဒုက္ခသည်များက မြန်မာတပ်ဖွဲ့ဝင် ၁၀၀ ခန့်သည် မတ် ၁ ရက်တွင် ဒုက္ခသည် စခန်းအနီးသို့ ရောက်ရှိလာကြောင်း  ပြောကြားခဲ့ကြသည်။

မြင့်မားလာသော တင်းမာမှုများသည် ဇန်နဝါရီလက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ် နိုင်ငံ သဘောတူလက်မှတ်ရေးထိုးထားသည့်  ကြန့်ကြာနေသော ဒုက္ခသည်များ ပြန်လည် လက်ခံရေးအစီအစဉ်ကို ပိုမိုဆိုးရွားစေခဲ့သည်။

ဒုက္ခသည်များ ပြန်လည်လက်ခံရေး အစီအစဉ်သည် ပြင်ဆင်မှုနည်းပါးခြင်းနှင့် အခြေခံလုံခြုံရေးနှင့် နိုင်ငံသားဖြစ်ခွင့်မရဘဲ မြန်မာနိုင်ငံသို့ပြန်ရန် စိုးရိမ်သည့် ဒုက္ခသည်များက ဆန္ဒပြခြင်းတို့ကြောင့် ကြန့်ကြာနေခြင်းဖြစ်သည်။

Most Read

Most Recent