မြန်မာ့မီးရထား၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ကျပ်သန်း ၇၀,၀၀၀ ကျော် အရှုံးပေါ်ခဲ့ခြင်းနှင့် ပတ်သက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ပြန်လည်ရှင်းလင်း

မြန်မာ့မီးရထား၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ကျပ်သန်း ၇၀,၀၀၀ ကျော် အရှုံးပေါ်ခဲ့ခြင်းနှင့် ပတ်သက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ပြန်လည်ရှင်းလင်း
Published 3 March 2018

ရန်ကုန်မြို့ ဘုရားလမ်းဘူတာသို့ ဆိုက်ရောက်လာသော မြို့ပတ်ရထားတစ်စင်းကိုတွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

မြန်မာ့မီးရထား၏ ၂၀၁၇-၂၀၁၈  ဘဏ္ဍာနှစ်အတွင်း ကျပ်သန်း ၇၀ç၀၀၀ ကျော်အရှုံး ပေါ်ခဲ့ခြင်းနှင့်ပတ်သက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြည်ထောင်စုလွှတ်တော်၌ ပြန်လည်ရှင်းလင်းသည်။

မြန်မာ့မီးရထား၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၆၀,၀၀၀ ကျော် အရှုံးပေါ်ခြင်းနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် သန်း ၇၀,၀၀၀ ကျော် အရှုံးပေါ်ခဲ့သည့်အပြင် ဝင်ငွေရရှိမှုတွင်လည်း တစ်နှစ်ထက်တစ်နှစ် လျော့နည်းသွားခဲ့ခြင်းနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ဆွေးနွေးမှုအပေါ် ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြန်လည် ရှင်းလင်းခြင်းဖြစ်သည်။

“မြန်မာ့မီးရထားအနေဖြင့် ဝင်ငွေထက် အသုံးစရိတ် ပိုမိုသုံးစွဲပြီး အရှုံးပေါ်ရခြင်း အဓိကအကြောင်းရင်းတွေကတော့ ဒီဇယ်ဆီနှုန်းထားတွေ မြင့်တက်လာခြင်း၊ ပင်စင်စားဦးရေ တိုးမြင့်လာခြင်း၊ ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ စက်ခေါင်းတွဲ၊ စက်ပစ္စည်းစသည်တို့အတွက် ပြည်ပချေးငွေဖြင့် ဝယ်ယူရသဖြင့် အဆိုပါချေးငွေများအတွက် ပေးဆပ်ရတဲ့ အတိုးပေးဆပ်မှုများမှာ နိုင်ငံခြားငွေလှဲလှယ်နှုန်း အား ဈေးကွက်ပေါက်ဈေးနဲ့ သတ်မှတ်ပေးဆပ်ရသည့်အတွက် အတိုးစရိတ်များ တိုးတက်လာခြင်းတို့ကြောင့်ဖြစ်ပါတယ်” ဟု ပို့ ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။

ထို့ပြင် မြန်မာ့မီးရထား၏ ဝင်ငွေလျော့နည်းရခြင်းနှင့်ပတ်သက်၍ ဒေသအသီးသီးတွင် ကားလမ်းများ ပိုမိုဖွံ့ဖြိုးလာပြီး ခေတ်မီ အဆင့်မြင့်ပုဂ္ဂလိက မော်တော်ယာဉ်များ ပိုမိုအသုံးပြုလာခြင်း၊ ၎င်းတို့နှင့်ယှဉ်ပြိုင်နိုင်ရန် ရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ခြင်းများကို ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ခဲ့ရသဖြင့် လက်ရှိအချိန်ထိ သိသိသာသာ တိုးတက်ပြောင်းလဲလာမှုမရှိခြင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်အဖြစ် ဒေသအသီးသီးရှိ ခရီးသည်နှင့် ကုန်စည်များကို ကုန်ကျ စရိတ်သက်သာစွာဖြင့် ပို့ဆောင်ပေးခြင်း၊ တိုးမြင့်လာသည့် စက်သုံးဆီဈေးနှုန်းတို့ဖြင့် ကာမိရန် ဈေးနှုန်း နှုန်းထားတိုးမြှင့်ကောက်ခံရန် ကန့်သတ်ချက်များရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရှင်းလင်းပြောကြားသည်။

မြန်မာ့မီးရထား၏ ရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ရန်အတွက် ရန်ကုန်-မန္တလေး လမ်းပိုင်းအဆင့်မြှင့်တင်ခြင်းနှင့် ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ခြင်းကို ဂျပန်ချေးငွေအကူအညီဖြင့်လည်းကောင်း၊ မန္တလေး-မြစ်ကြီးနားရထားလမ်းပိုင်းအဆင့် မြှင့်တင်ခြင်းကို ကိုရီးယားချေးငွေဖြင့်လည်းကောင်း၊ ရန်ကုန်-ပြည် ရထားလမ်းပိုင်းကို

ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

“အဲဒီစီမံကိန်းတွေ ပြီးသွားရင်တောင်မှ ကျွန်တော်တို့ ဒီရထားလမ်းပိုင်းတွေ အဆင့် မြှင့်တင်ပြီးတဲ့အချိန်မှာတောင်မှ ကျွန်တော်တို့အနေနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း တစ်ရပ်ဖြစ်တဲ့အတွက် ဒီသယ်ယူပို့ဆောင်ခနှုန်းထားတွေ မြှင့်တင်ဖို့အတွက်ကတော့ ကျွန်တော်တို့က မူတစ်ရပ်အနေနဲ့ တင်ပြပြီးတော့ ဆောင်ရွက်ဖို့ လိုမှာဖြစ်ပါတယ်”ဟု ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဆိုသည်။

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လ ရသုံးခန့်မှန်းခြေစာရင်းအရ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းပေါင်း ၃၂ ခုအနက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့မီးရထား၌ ဝင်ငွေတွင် ကျပ် ၃၅ ဒသမ ၇၃၃ ဘီလျံ၊ အသုံးစရိတ်တွင် ကျပ် ၇၄ ဒသမ ၁၄၆ ဘီလျံဖြစ်ပြီး ၃၈ ဒသမ ၄၁၃ ဘီလျံ အရှုံးဖြစ်ပေါ်လျက်ရှိသည်ဟု     ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Most Read

Most Recent