<

ပြည်တွင်းပြည်ပခရီးသွား ၀င်ရောက်မှု များလာသည့် ဂေါ်ရန်ဂျီကမ်းခြေသို့ ဆက်သွယ်သော လမ်းနှစ်သွယ်ကို လာမည့်ဘတ်ဂျက်တွင် ပြုပြင်မည်

ဂေါ်ရန်ဂျီကျွန်းသို့ သွားရောက်သော လမ်းပိုင်းတစ်နေရာကို တွေ့ရစဉ်

ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှု များပြားလာသည့် ဂေါ်ရန်ဂျီကမ်းခြေသို့ ငရုတ်ကောင်းမြို့မှတစ်ဆင့် ဆက်သွယ်သည့် လမ်းနှစ်သွယ်အား လာမည့်ဘက်ဂျက်တွင် ပြင်ဆင်လမ်းခင်း ပေးသွားမည်ဖြစ်ပြီး ယင်းဒေသအား စည်ပင်သာယာရေး နယ်နိမိတ်အတွင်းသို့ ထည့်သွင်းပြီးပါက ဒေသဖွံ့ဖြိုးရေးအတွက် ပိုမိုလုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သတင်းရရှိသည်။

ဂေါ်ရန်ဂျီဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငရုတ်ကောင်းမြို့မှ ကြွေချိုင်ကမ်းခြေအထိ ၁၂ မိုင်ခွဲ ရှည်လျားသော လမ်းပိုင်းအား လာမည့် ဘတ်ဂျက်တွင် လမ်းဦးစီးဌာနမှ ဖောက်လုပ်ပေးမည်ဖြစ်ပြီး ငရုတ်ကောင်းမြို့မှ တစ်ဖက်ကမ်းသို့ ဇက်ဖြင့်ကူးကာ ဂေါ်ရန်ဂျီကျွန်းသို့ သွားရောက်သည့် သုံးမိုင်ခန့် ကွာဝေးသော လမ်းပိုင်းကိုလည်း လမ်းဦးစီးဌာနမှပင် ဖောက်လုပ်ပေးမည်ဖြစ်ကြောင်း၊ ယင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငရုတ်ကောင်းမြို့ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းပါ ထည့်သွင်းဆောင်ရွက်မည်ဖြစ်ပြီး စည်ပင်သာယာရေး နယ်နိမိတ်အတွင်းသို့ ထည့်သွင်းပြီးပါက အခြားသော ဒေသဖွံ့ဖြိုးရေးများကိုပါ ဆက်လက်လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ၀န်ကြီးထံမှ သိရသည်။

“အခုက သူတို့ကို ဘာလုပ်ပေးမလဲ ဘယ်လိုအကျိုးအမြတ်ရှိမလဲ မေးတော့မေးနေကြတယ်၊ မေးပေမဲ့ လက်ရှိမှာကိုက သူတို့အကျိုးအမြတ် ခံစားနေရပြီ။ သူတို့မှာ အဲဒီမှာ နှစ်ထပ်တိုက်တွေ ဘန်ဂလိုတွေ ဆောက်ပြီးတော့ လာတဲ့ဧည့်သည်တွေဆီက တည်းခိုခတွေ ကောက်ခံရရှိတဲ့ စီးပွားရေးလုပ်ငန်း တစ်ခုအနေနဲ့ လုပ်ကိုင်ဆောင်ရွက်နေတာ ဒါပေမဲ့ ဒီလိုစီးပွားရေး လုပ်ငန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်တယ် ဆိုတာက အစိုးရအဆင့်ဆင့်ရဲ့ ခွင့်ပြုချက်ဌာနဆိုင်ရာတွေရဲ့ ခွင့်ပြုချက် လိုအပ်တာပေါ့။ သူတို့က ဘယ်ခွင့်ပြုချက်မှ တောင်းခံစရာ မလိုဘဲ သူတို့ဘာသာ ဒီလိုလုပ်နေတာကိုပဲ သူတို့က ဒီအခွင့်အရေးကို ရအောင်ယူနေတာပေါ့။ ရအောင်ယူပြီးတော့ တကယ်စနစ်တကျနဲ့ ဌာနဆိုင်ရာတွေ ကြီးကြပ်ကွပ်ကဲမှုအောက်ကိုရောက်မဲ့ စည်ပင်သာယာ နယ်နိမိတ်ထဲကို သွတ်သွင်းမဲ့ကိစ္စကျတော့ သူတို့က ဘယ်လိုအာမခံချက်မျိုး ပေးနိုင်မလဲဆိုတော့၊ အခုတင်ပဲ သူတို့မသိလို့ပါ။ ကျွန်တော်တို့ လာမဲ့ဘတ်ဂျက်မှာ ကျွန်တော်တို့ ငရုတ်ကောင်းမြို့ကနေပြီးတော့ မသိလို့ဆိုတာ ဘတ်ဂျက်ကလည်း တရားဝင် မကြေညာသေးတော့ နည်းနည်းပြောရခက်တယ်။ ကျွန်တော်တို့က ကြိုသိထားတာ ငရုတ်ကောင်းမြို့ကနေ ဂေါ်ရန်ဂျီထိသွားတဲ့ ၁၂ မိုင်လမ်းရှိတယ်။ ဟိုးမနှစ်ကတုန်းက သင်္ကြန်မှာ မိုးတွေရွာပြီးတော့ ကားတွေနစ်တဲ့လမ်း၊ နောက်တစ်ခါ ငရုတ်ကောင်းမြို့ကနေ ချောင်းတစ်ဖက်ကမ်းကို ကူးပြီးတော့ ဟိုဖက်မှာ သုံးမိုင်ခွဲပဲ ရှိတဲ့လမ်း အဲဒီလမ်း နှစ်လမ်းစလုံးကို ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီးဌာနကနေပြီးတော့ လမ်းခင်းဖို့ ဘတ်ဂျက်တင်ထားတယ်။ အဲဒီ ဘတ်ဂျက်ကို ကျမယ်လို့ သိနေတယ်။ ဆိုတော့ သူတို့စည်ပင်သာယာ နယ်နိမိတ်ထဲကိုတောင် မရောက်သေးပါဘူး။ ကျွန်တော်တို့ ဒီဒေသက ဖွံ့ဖြိုးသင့်တဲ့ ဒေသပေါ့နော်။ တစ်နိုင်ငံလုံးက စိတ်ဝင်စားနေတဲ့ ခရီးသွားတွေကလည်းလာတယ်၊ ကျွန်တော်တို့က စည်ပင်သာယာ နယ်နိမိတ်ထဲကို မရောက်သေးတာတောင်မှ ဒီလိုမျိုး အဆင့်မြင့်ဖို့ ကြိုးစားနေတာပါ။ ကြိုးစားနေတော့ စည်ပင်သာယာနယ်နိမိတ်ထဲ ရောက်သွားရင်တော့ တိုးတက်မှုလမ်းကြောင်းက ပိုပြီးတော့ မြန်ဆန်မှာပေါ့နော်” ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

ဂေါ်ရန်ဂျီဒေသအား စည်ပင်သာယာရေး နယ်နိမိတ်အတွင်းသို့ ထည့်သွင်းရေးအတွက် ဒေသခံအချို့မှ ကန့်ကွက်မှုများလည်း ရှိနေကြောင်း သိရသည်။

 

March 2, 2018














Copy Protected by Chetan's WP-Copyprotect.