မန္တလေးမြို့တွင် အိမ်အကူမိန်းကလေးကို မျက်လုံးတစ်ဖက်ကွယ်ကာ မျက်နှာတစ်ခြမ်း ပျက်စီးသည်အထိ အက်စစ်ဖြင့် ပက်ခြင်း၊ ရှစ်နှစ်ခန့်ကြာ ပိတ်လှောင်ထားခြင်းတို့ပြုလုပ်ခဲ့သည့် အိမ်ရှင်အမျိုးသမီးနှစ်ဦးအား ဖမ်းဆီး

မန္တလေးမြို့တွင် အိမ်အကူမိန်းကလေးကို မျက်လုံးတစ်ဖက်ကွယ်ကာ မျက်နှာတစ်ခြမ်း ပျက်စီးသည်အထိ အက်စစ်ဖြင့် ပက်ခြင်း၊ ရှစ်နှစ်ခန့်ကြာ ပိတ်လှောင်ထားခြင်းတို့ပြုလုပ်ခဲ့သည့် အိမ်ရှင်အမျိုးသမီးနှစ်ဦးအား ဖမ်းဆီး
Published 3 March 2018

မန္တလေးမြို့တွင် အိမ်အကူမိန်းကလေးကို မျက်လုံးတစ်ဖက်ကွယ်ကာ မျက်နှာတစ်ခြမ်း ပျက်စီးသည်အထိ အက်စစ်ဖြင့် ပက်ခြင်း၊ ရှစ်နှစ်ခန့်ကြာ ပိတ်လှောင်ထားခြင်းတို့ပြုလုပ်ခဲ့သည့် အိမ်ရှင်အမျိုးသမီးနှစ်ဦးအား မတ် ၁ ရက်က ဖမ်းဆီးအမှုဖွင့်ထားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂၀၀၈ ခုနှစ်ခန့်က ရွာငံမြို့နယ် နဘမ်းကြီးကျေးရွာတွင်နေထိုင်သည့် မနန်းမေဇင်ဦးအား ဒေါ်မိုးမိုးဆိုသူက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာ ရပ်ကွက်ရှိ ကုန်စုံဆိုင်တွင်  တစ်လကျပ်တစ်သောင်းဖြင့် အလုပ်လုပ်ရန်ခေါ်ဆောင်လာခဲ့ကြောင်း၊ ထို့နောက် ဒေါ်မိုးမိုး ကုန်စုံဆိုင်ပိတ်လိုက်သဖြင့် ဒေါ်မိုးမိုး၏ အစ်ကိုဖြစ်သူ ကုန်စုံဆိုင်သို့ ထပ်မံအလုပ်လုပ်ခဲ့ရပြီး ထိုသို့ အလုပ်လုပ်နေစဉ် ၂၀၁၀ ပြည့်နှစ်တွင် ဒေါ်မိုးမိုး၏ ချွေးမတော်စပ်သူ မနီနီနုနွယ်၏ သူငယ်ချင်းများနှင့် သြင်္ကန်လည်ခဲ့ကြောင်း သိရသည်။

ထိုသို့ သြင်္ကန်လည်စဉ် မနီနီနုနွယ် သူငယ်ချင်းဆိုသူ ဟိန်းကိုကိုက မနန်းမေဇင်ဦးအား ချစ်ကြိုက်ကြောင်း ပြောဆိုရာမှစ၍ မနီနီနုနွယ်က မနန်းမေဇင်ဦးကို ရိုင်းပျစွာ ဆက်ဆံလာခဲ့ပြီး ၂၀၁၀ ပြည့်နှစ် သြင်္ကန်နှစ်ဆန်းတစ်ရက်တွင် မနန်းမေဇင်ဦးရေချိုးနေစဉ် မနီနီနုနွယ်က အက်စစ်ဖြင့် ပက်ရာ ဝဲဘက် မျက်နှာတစ်ခြမ်းပျက်စီးခဲ့ပြီး ဝဲဘက်မျက်လုံး ကွယ်ခဲ့ရသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြမှုများအရ သိရသည်။

“ကောင်မလေးရဲ့ ပြောပြချက်နဲ့ သံသယဖြစ်ဖွယ်တွေ့ရှိရပါတယ်။ ဒီကလေးမလေး အိမ်ထဲမှာ ကိုယ်တိုင်ခံစားခဲ့ရတာတွေ အရ ဖြစ်ဖို့များပါတယ်။ မျက်မြင်တွေ့ရှိချက်ကတော့ ဒဏ်ရာတွေ အတော်ဆိုးပါတယ်။ ခန္ခာကိုယ်ဘယ်ဘက်ခြမ်းက အရေပြားတွေအ ကုန်ပျက်စီးသွားသလို ဘယ်ဘက်မျက်လုံးလည်း ကွယ်သွားပါတယ်” ဟု အမှတ် (၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး)မှ ရဲမှူးမျိုးဇင်က ပြောကြားသည်။

ထိုသို့ အက်စစ်ဖြင့် အလောင်းခံရသည့် ဒဏ်ရာများကြောင့် မနန်းမေဇင်ဦးကို ဒေါ်မိုးမိုးက ပြုစုပေးခဲ့ကြောင်း သိရပြီး မနန်းမေဇင်ဦး၏ဖခင်ဖြစ်သူ ရောက်လာချိန်တွင်  ဆေးကုသပေးမည်ဖြစ်သဖြင့် အမှုမဖွင့်ရန် ရပ်ကွက်ရုံးသို့ ခေါ်ဆောင်ပြီးလက်မှတ်ရေးထိုးခိုင်း ခဲ့ကြောင်း၊ မနန်းမေဇင်ဦး၏ ဖခင်ဖြစ်သူကို ကျပ်တစ်သိန်းတစ်ကြိမ်၊ သုံးလခန့်အကြာတွင် ကျပ်နှစ်သိန်းတစ်ကြိမ်ပေးခဲ့ကြောင်း၊ ထိုသို့အက်စစ်ဖြင့် ပက်ခဲ့သည့်ဒဏ်ရာများကြောင့် အခန်းတွင်းပိတ်လှောင်ထားခဲ့ရာ လေးနှစ်ခန့်ကြာခဲ့သည်ဟု သိရသည်။

ထိုသို့ နေထိုင်စဉ် မနန်းမေဇင်ဦးသည် အမှိုက်ပုံးသွန်ရာ မနိုင်သဖြင့်မှောက်ကျခဲ့ရာ မနီနီနုနွယ်က နံရံနှင့် တွန်းကန်ဆောင့်လှဲခြင်း၊ ဝက်စာပုံးထဲသို့ မျက်နှာအပ်ပြီး ဖိချခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းများပြုလုပ်ခဲ့သဖြင့် ၎င်းတို့ အလစ်တွင် နေအိမ်မှထွက်ပြေးခဲ့ရာ အမျိုးသမီးရေးရာအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး ယခုဖြစ်စဉ် ပေါ်ပေါက်ခဲ့ရသည်ဟု သိရသည်။

“အက်စစ်နဲ့ ပက်ခံရတဲ့ ဒဏ်ရာတွေရရှိကတည်းက အိပ်ခန်းထဲပိတ်လှောင်တာ လေးနှစ်လောက်ကြာတယ်လို့ သိရပါတယ်။ ရေချိုးချိန်လောက်ပဲ အပြင်ထုတ်တယ်။လေးနှစ်လောက်ကြာပြီး ဒဏ်ရာတွေသက်သာတော့မှ အိမ်ထဲမှာပဲ နေထိုင်သွားလာခွင့်ရပြီး အိမ် အလုပ်တွေလုပ်ပေးခဲ့ရတယ်လို့ သိရတယ်။ အပြင်ကိုတော့ ထွက်ခွင့်မရဘူး။ အလုပ်လုပ်ပေးခဲ့ရတာ လေးနှစ်ဆိုတော့ စုစုပေါင်း ရှစ်နှစ်ပေါ့။ သူအိမ်ကထွက်လာခဲ့တာတော့ ၁၄ နှစ်အရွယ်ပဲ ရှိသေးတယ်။ မျက်လုံးတစ်ဖက်ကတော့ ကွယ်သွားပြီ။ ခန္ဓာကိုယ်တစ် ခြမ်းလုံး အက်စစ်ပက်ခံရတဲ့ဒဏ်ရာတွေ ကုသဖို့အတွက်လည်း ကျွန်မတို့ဆောင်ရွက်ပေးရမှာဖြစ်လို့ ကူညီကြစေလိုပါတယ်” ဟု  မနန်းမေဇင်ဦးကိစ္စ လိုက်ပါကူညီဆောင်ရွက်ပေးနေသည့်  မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ တိုင်းအတွင်းရေးမှူး ဒေါ် သန္တာဘုန်းဝင်းက ဆိုသည်။

အဆိုပါဖြစ်ရပ်များ ကျူးလွန်ခဲ့သူ မနီနီနုနွယ်နှင့် ဒေါ်မိုးမိုးအား ရဲမှူးမျိုးဇင်က တရားလိုပြုလုပ်ကာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ အရ အမှုဖွင့် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent