ဆေးဝါးတက္ကသိုလ်နှင့် ပညာရေး တက္ကသိုလ်များရှိ စားသောက်ဆိုင်များ၏ မီးဖိုဆောင်များအား FDA က ရှောင်တခင် စစ်ဆေးပြီး အစားအသောက်နမူနာများ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေး

ဆေးဝါးတက္ကသိုလ်နှင့် ပညာရေး တက္ကသိုလ်များရှိ စားသောက်ဆိုင်များ၏ မီးဖိုဆောင်များအား FDA က ရှောင်တခင် စစ်ဆေးပြီး အစားအသောက်နမူနာများ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေး
Published 3 March 2018

တက္ကသိုလ်များတွင် Canteen Food Safety စီမံချက်ဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ရှောင်တခင် စစ်ဆေးနေစဉ်

မြောက်ဥက္ကလာပမြို့နယ်ရှိ ဆေးဝါးတက္ကသိုလ်နှင့် ကမာရွတ်မြို့နယ်ရှိ ပညာရေးတက္ကသိုလ်များရှိ စားသောက်ဆိုင်များ၏ မီးဖိုဆောင်များအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ရှောင်တခင် စစ်ဆေးခဲ့ပြီး ရောင်းချနေသော အစားအသောက် နမူနာများကို ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးထားကြောင်း သိရသည်။

ထို့ပြင် တက္ကသိုလ်များတွင် တက်ရောက် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများ အပါအဝင် ဈေးရောင်းချသူများအား အစားအသောက်၊ ဆေးဝါးဘေးအန္တရာယ်  ကင်းရှင်းရေး အသိပညာပေး ဟောပြောခြင်းများကိုလည်း ပြုလုပ်ခဲ့ကြောင်းနှင့် ဆက်လက်၍ စစ်ဆေးရန်ကျန်ရှိသော တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများ အချို့ရှိ စားသောက်ဆိုင်နှင့် ကန်တင်းများတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက Canteen Food Safety စီမံချက်ဖြင့် ဆက်လက်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံချက်ကို ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် လုပ်ဆောင်နေပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက မွန်ပြည်နယ်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် မော်လမြိုင်တက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ် (ရွှေတောင်) ပညာရေးကောလိပ်၊ နည်းပညာတက္ကသိုလ် (မော်လမြိုင်)၊ အစိုးရနည်းပညာ အထက်တန်းကျောင်း၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၊ ကွန်ပြူတာတက္ကသိုလ်၊ စိုက်ပျိုးရေးသိပ္ပံ ကျောင်းများတွင် ရှောင်တခင် စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကသိုလ်များရှိ စားသောက်ဆိုင်နှင့် ကန်တင်းများကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှစ၍ စီမံချက်ဖြင့် ရှောင်တခင် စစ်ဆေးခဲ့ကြောင်းနှင့် နိုဝင်ဘာ၂၈ ရက်က ရန်ကုန်တက္ကသိုလ် ဝင်းအတွင်း စားသောက်ဆိုင်များရှိ မီးဖိုဆောင်များနှင့် ချက်ပြုတ်ရာတွင် အသုံးပြုသော အစားအသောက် ကုန်ကြမ်းပစ္စည်းများကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန ရန်ကုန်ရုံးအဖွဲ့က ရှောင်တခင် စစ်ဆေးခဲ့ပြီး ရောင်းချနေသည့် အစားအသောက်များတွင် ဘေးအန္တရာယ် ကင်းရှင်းမှု ရှိ မရှိ ဓာတ်ခွဲစစ်ဆေးရန် အစားအသောက် နမူနာများကို ရယူခဲ့ကြောင်း သိရသည်။

အမျိုးသား အစားအသောက် ဥပဒေတွင် ပြဌာန်းထားချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ထိုသူအား ထောင်ဒဏ်သုံးနှစ်ထိ ချမှတ်နိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားပြီး ဖြစ်သည်။

Most Read

Most Recent