<

ထိုင်းနိုင်ငံအတွင်း၌ အထောက်အထား မပြည့်စုံမှုကြောင့် နေရပ်ပြန်လာသူရှိနေဆဲဖြစ်ကာ မတ် ၂ ရက်ထိ ဦးရေ ၆၀၀၀၀ ခန့် ပြန်လည်ရောက်ရှိခဲ့

မြန်မာ-ထိုင်းနယ်စပ် မြ၀တီမြို့ ကျောက်လုံးကြီး ပြန်လည်ကြိုဆိုရေးစခန်းတွင် နေရပ်ပြန်လာသူများအား တွေ့ရစဉ်

ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်သူ မြန်မာလုပ်သား များပြားသော်လည်း အလုပ်ရှင် အလုပ်သမား ဥပဒေသစ် ထုတ်ပြီးနောက် အထောက်အထား မပြည့်စုံခြင်းကြောင့် ဖမ်းဆီးခံရမည်ကို စိုးကြောက်ပြီး နေရပ်ပြန်လာသူ ရှိနေဆဲဖြစ်ကာ မတ် ၂ ရက်အထိ ၆၀၀၀၀ ခန့် ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်ရှင် အလုပ်သမား ဥပဒေသစ်ကြောင့် ဖမ်းဆီးခံရသူနှင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ၂၀၁၇ ခုနှစ် ဇွန် ၂၉ ရက်မှ နေရပ်မြန်မာနိုင်ငံသို့ မဲဆောက်- မြ၀တီလမ်းမှ ပြန်လာခဲ့ကြရာ ၂၀၁၈ ခုနှစ် မတ် ၂ ရက်အထိ နေရပ်ပြန်လာသူ မြန်မာလုပ်သား ၅၉၆၃၈ ဦးရှိပြီး နေရပ်ပြန်လာသူ အများစုမှာ အထောက်အထား လုံးဝမရှိသူများ ဖြစ်ကြောင်းနှင့် အသက်အရွယ်ကြီးရင့်သူများ ပါဝင်ကြောင်း သိရသည်။

ထို့အတူ ပြည်တွင်း၌ ဖြစ်ပွားခဲ့သော ရခိုင်အရေး ပြဿနာများကြောင့်လည်း အသက်အန္တရာယ် စိုးရိမ်မှု မြင့်တက်ကာ မလေးရှားနိုင်ငံမှ ပြန်လာသူအများအပြား ပါဝင်ကြောင်း နေရပ်ပြန်လာသူများထံမှ သိရသည်။

မြန်မာ-ထိုင်းနယ်စပ် မြ၀တီမြို့ ကျောက်လုံးကြီး ပြန်လည်ကြိုဆိုရေးစခန်းသို့ မတ် ၂ ရက် နံနက်က မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး  ၅၄ ဦး ပြန်လည်ရောက်ရှိခဲ့သည်။ထိုမြန်မာနိုင်ငံသားများတွင် ပွဲစား၏ ခေါ် ဆောင်သွားမှုကြောင့် ဘတ် ၁၂၀၀ ကို အလုပ် လုပ်ရင်းအကျေဆပ်ကာ မလုပ်နိုင်သည့် အခြေအနေကြောင့် ပြန်လာခဲ့ရသူများလည်း ပါဝင်သည်။

“သွားတုန်းကတော့ ထားဝယ်လမ်းကနေ သွားလိုက်တာပါ။ ပွဲစားခ ဘတ် ၁၂၀၀ ကို လုပ်ဆပ်ရမယ်၊ ၀က်မွေးမြူရေးမှာ လုပ်ရမယ်ဆိုပြီး သွားလိုက်တာပါ။ ဟိုရောက်တော့ ၀က်ချေးကျုံးရတယ်၊ နားရက်လည်း မရှိဘူး၊ အစားအသောက်လည်း မကောင်းဘူး၊ အပြင် လည်း မထွက်ရဘူး၊ လုပ်ခလည်း တစ်လ ဘတ် ၇၀၀၀ ပဲ ရပါတယ်။ မနေနိုင်တော့တဲ့အဆုံး လုပ်အားခ တစ်လစာကိုထုတ်ပြီး ပြန်လာခဲ့တာပါ” ဟု ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်မှ ကိုစိုင်းကြီးက ပြောကြားသည်။

ဖမ်းဆီးရေးရပ်ဆိုင်းကာလ ထပ်တိုးထားသော်လည်း ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေပြီး အထောက်အထား မရှိသူများသည် လုပ်ငန်းခွင်တွင် လုပ်ကိုင်ကာ မနေရဲကြတော့ဘဲ အလုံးအရင်းဖြင့် ပြန်လာနေကြခြင်းဖြစ်သလို မလေးရှားနိုင်ငံမှ ပြန်လာသူများမှာ အန္တရာယ်ကို စိုးရိမ်မှုကြောင့် ပြန်လာခဲ့ကြသည်ဟု ဆိုသည်။

အထောက်အထားပြုလုပ်ဆဲ အလုပ်သမားများအတွက် သွားလာခွင့်ကို ထိုင်းအစိုးရက ရက် ၉၀ ထပ်မံတိုးပေး ခဲ့သော်လည်း အထောက်အထား လုံးဝမရှိသူများ၊ ပြုလုပ်ထားခြင်း မရှိသူများမှာ ဖမ်းဆီးခံရတော့မည် ဆိုသော အသိနှင့် ပြန်လာနေကြခြင်း၊ အချို့မှာ ပြန်လာပြီး မိမိနိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်း မရရှိပါက MoU လုပ်သားအဖြစ် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်လုပ်မည်ဟု ဆိုသည်။

ဖမ်းဆီးရေး ရပ်ဆိုင်းထားသည့်ကာလ ရက်တိုးထားသော်လည်း အထောက်အထား မရှိ၍ နေရပ်ပြန်လာသူများမှာ လူကယ်ရီ ပွဲစားများဖြင့်သာ ပြန်လာနေကြပြီး တစ်ဦးလျှင် ဘတ် ၃၀၀၀ နှင့်အထက် ပေးဆောင်နေရကြောင်း သိရသည်။

“ဒီအတိုင်း မပြန်လာရဲဘူး၊ အဖမ်းခံရမှာ စိုးတယ်လေ။ တကယ်လို့ အချုပ်ထဲမှာနေရရင် ဘယ်လိုလုပ်မလဲ၊ မနေနိုင်ဘူး။ ဒါကြောင့် ကယ်ရီကို ဘတ် ၃၅၀၀ ပေးပြီး လာခဲ့တာပါ” ဟု မြ၀တီကျောက်လုံးကြီး ပြန်လည်ကြိုဆိုရေးစခန်းသို့ ရောက်ရှိလာသူ မွန်ပြည်နယ် ဘီလူးကျွန်း ကမာမိုရွာမှ ကိုအုန်းမြင့်က ပြောကြားသည်။

မလေးရှားနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် နေရပ်မြန်မာနိုင်ငံသို့ ပြန်လာသူ မြန်မာရွှေ့ပြောင်း လုပ်သားများမှာလည်း ပွဲစားအား တစ်ဦးလျှင် မလေးရှားငွေ ၁၃၀၀ ရင်းဂစ်ပေး၍ ပြန်လာခဲ့ရသည်ဟု ဆိုသည်။

မဲဆောက်-မြ၀တီလမ်းမှတစ်ဆင့် နေရပ်မြန်မာနိုင်ငံသို့ ဇွန် ၂၉ ရက်မှစတင်ကာ နေရပ်သို့ ပြန်လာခဲ့ကြခြင်း ဖြစ်သည်။ အထောက်အထား မရှိသူများ နေရပ်ပြန်လာရေးအတွက် ထိုင်းနိုင်ငံဘက်မှ တရားဝင် ပြန်ပို့ပေးနေဆဲ ဖြစ်သလို မြန်မာနိုင်ငံဘက်မှလည်း ကြိုဆိုလက်ခံကာ ထမင်း၊ ရေသန့်ဘူးနှင့် လိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

March 2, 2018














Copy Protected by Chetan's WP-Copyprotect.