မြိုင်မြို့နယ် ပန်းတိုင်းတောကျေးရွာ (အရှေ့) တွင် စက်ရေတွင်းများ ချို့ယွင်းနေသည့်အတွက် သောက်သုံးရေ ရှားပါးနေပြီး စက်ရေတွင်းသစ် မတူးဖော်နိုင်ပါက ရေရှားပါးမှု ကာလရှည် ကြုံတွေ့နိုင်

မြိုင်မြို့နယ် ပန်းတိုင်းတောကျေးရွာ (အရှေ့) တွင် စက်ရေတွင်းများ ချို့ယွင်းနေသည့်အတွက် သောက်သုံးရေ ရှားပါးနေပြီး စက်ရေတွင်းသစ် မတူးဖော်နိုင်ပါက ရေရှားပါးမှု ကာလရှည် ကြုံတွေ့နိုင်
Published 3 March 2018

သောက်သုံးရေရှားပါးသည့် ပန်းတိုင်းတော (အရှေ့) ကျေးရွာမှ ဒေသခံများ စိမ့်ရေတွင်းမှ ရေခပ်နေပုံအား ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းက မြင်တွေ့ရစဉ်

ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်းရှိ ပန်းတိုင်းတောကျေးရွာ (အရှေ့) မှာ စက်ရေတွင်းများ ချို့ယွင်းနေသည့် အတွက် သောက်သုံးရေ ရှားပါးနေပြီး စက်ရေတွင်းသစ် မတူးဖော်နိုင်ပါက ရေရှားပါးမှု ကာလရှည် ကြုံတွေ့ရမည် ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ပန်းတိုင်းတောကျေးရွာ (အရှေ့) ရှိ စက်ရေတွင်းများမှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သည့်အတွက် ချို့ယွင်းသွားခြင်းဖြစ်ပြီး ပြန်လည်ပြုပြင်ရန် မလွယ်ကူတော့ကြောင်းနှင့် ရေတွင်းမှ ရေထုတ်ယူ သုံးစွဲမရတော့သည်အထိ ရေအထွက်နှုန်းမှာ သိသာစွာ လျော့နည်းသွားကြောင်း ဒေသခံများက ပြောကြားသည်။

“အရင်ရှိတဲ့ ရေချိုတွင်းက လုံးဝပျက်သွားတော့ သောက်ရေနဲ့ ချက်ပြုတ်ဖို့ စိမ့်ရေတွင်း ခပ်ရပါတယ်။ ရေကန်က ရေခန်းနေတော့ ကန်ရေလည်း လုံးဝသုံးစွဲလို့ မရတော့ဘူး။ စိမ့်ရေတွင်းက ရေတစ်ပုံးရဖို့ တစ်နာရီလောက် ရေစောင့်ခပ်ရတယ်။ သောက်သုံးရေ အတွက်ကတော့ ခက်ခဲနေတုန်းပဲ။ နောက်လတွေဆို ပိုပူတော့မှာဆိုတော့ စိမ့်ရေတွင်း ရေမထွက်ရင် အနီးနားရွာတွေထိ သွားခပ်ရတော့မှာ” ဟု ပန်းတိုင်းတောကျေးရွာ (အရှေ့) မှ ကိုအောင်လွင်က ပြောကြားသည်။

သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေရသည့် အိမ်ခြေ ၁၆၀ ကျော်ရှိသော ပန်းတိုင်းတောကျေးရွာ ဒေသခံများမှာ ရေရရှိရေးအတွက် စိမ့်ရေတွင်းများတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခပ်ယူနေရပြီး အနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ ပံ့ပိုးသည့် ရေသယ်ယာဉ်ဖြင့် Eleven Media Group မှ ရေလှူဒါန်း ပေးနေကြောင်း သိရသည်။

ပန်းတိုင်းတောကျေးရွာ (အရှေ့) တွင် စက်ရေတွင်း တူးဖော်မည်ဆိုပါက ပေအနက် ၉၀၀ မှ ၁၁၀၀ ခန့်အထိ တူးဖော်ရနိုင်ပြီး ကုန်ကျစရိတ် သိန်း ၁၅၀ ခန့်ရှိသည့်အတွက် ကျေးရွာအနေနှင့် တူးဖော်ရန် ငွေကြေးအခက်အခဲ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။

“အရင်တွင်းတွေက ပေ ၈၀၀ ကျော်ပဲ တူးတော့ ရေထုထဲ ပိုက်အရောက်နည်းပြီး ရေထွက်တွေ မကောင်းဘူး။ ရေအထွက် ကောင်းဖို့နဲ့ ရေလုံလောက်ဖို့က ပေ ၉၀၀ ကျော်လောက်တူးမှ အဆင်ပြေမယ်။ ကျွန်တော့်ရွာက ငွေအကုန်မတတ်နိုင်ပေမယ့် လှူမယ့်သူများရှိရင် တတ်နိုင်သမျှ ရွာကနေ အလှူခံပြီးပူးပေါင်းမှာပါ” ဟု ပန်းတိုင်းတောကျေးရွာ (အရှေ့) မှ ဦးတင်ရွှေက ဆိုသည်။

ပခုက္ကူနှင့် မြိုင်မြို့နယ်အတွင်းမှ ကျေးရွာအချို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ သောက်ရေကန်များ ရေခန်းခြောက်ခြင်းနှင့် စက်ရေတွင်း ချို့ယွင်းခြင်းများကြောင့် သောက်သုံးရေရှားပါးမှု စတင်ကြုံတွေ့လာကြောင်း ဒေသခံများထံမှ သိရသည်။

ပခုက္ကူနှင့် မြိုင်မြို့နယ်အတွင်း ကျေးရွာအချို့မှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မိုးကာလတွင် မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် သောက်ရေကန်များတွင် ရေစီးဝင်မှု နည်းပါးခဲ့သည့်အတွက် ကန်ရေခန်းခြောက်မှုအား ယခုနွေဦးအစ၌ စတင်ကြုံတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ပခုက္ကူနှင့် မြိုင်မြို့နယ်အတွင်း သောက်သုံးရေ ရှားပါးသည့် ကျေးရွာများအား အနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ ပံ့ပိုးသည့် ရေသယ်ယာဉ်ဖြင့် Eleven Media Group ၏ ရေလှူဒါန်းမှုအစီအစဉ်မှ ရေလိုအပ်သည့် ကျေးရွာများသို့ ရေဂါလန်တစ်သိန်းကျော် လှူဒါန်းပေးထားပြီးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent