ဗြိတိန်ပါလီမန်၏ ကော်မတီမှ လွှတ်တော်အမတ်များကို ပြည်ဝင်ခွင့်မပေးခဲ့ခြင်းသည် တိုင်းပြည်၏ ကောင်းကျိုးဆိုးကျိုးကို ချိန်ဆပြီး မပေးသင့်ဟုထင်သောကြောင့် မပေးခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ပြောကြား

ဗြိတိန်ပါလီမန်၏ ကော်မတီမှ လွှတ်တော်အမတ်များကို ပြည်ဝင်ခွင့်မပေးခဲ့ခြင်းသည် တိုင်းပြည်၏ ကောင်းကျိုးဆိုးကျိုးကို ချိန်ဆပြီး မပေးသင့်ဟုထင်သောကြောင့် မပေးခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ပြောကြား
Published 2 March 2018

ဗြိတိန်ပါလီမန် မှတ်တမ်းတင်ရေးအဖွဲ့က ထုတ်လွှင့်သော ဗီဒီယိုမှ ရယူထားသောပုံ၌ ၂၀၁၇ မတ် ၁၃ ရက်က ဗြိတိန်ပါလီမန်တွင် ပါလီမန်အမတ်များ ငြင်းခုံဆွေးနွေးမှုပြုလုပ်နေသည်ကို တွေ့ရစဉ် (Photo - AFP)

ဗြိတိန်ပါလီမန်၏ ကော်မတီမှ လွှတ်တော်အမတ်များကို ပြည်ဝင်ခွင့်မပေးခဲ့ခြင်းသည် တိုင်းပြည်၏ ကောင်းကျိုးဆိုးကျိုးကို ချိန်ဆပြီး မပေးသင့်ဟုထင်သောကြောင့် မပေးခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မတ် ၁ ရက်တွင် The Daily Eleven သတင်းစာကို ပြောကြားသည်။

ဗြိတိန်အောက်လွှတ်တော်၏ နိုင်ငံတကာ ဖွံ့ဖြိုးရေးကော်မတီ IDC အဖွဲ့ဝင် အမတ်အချို့ကို မြန်မာဗီဇာထုတ်ပေးရန် ငြင်းပယ်သည့် အကြောင်းကြားစာကို လန်ဒန် မြန်မာသံရုံးက ဖေဖော်ဝါရီ ၂၇ ရက် ရက်စွဲဖြင့် ကော်မတီကို အကြောင်းကြားခဲ့သည့်အတွက် အဆိုပါကိစ္စနှင့်ပတ်သက်၍ IDC အနေဖြင့် စိတ်ပျက်မိကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည့်အပြင် ဗြိတိန်အောက်လွှတ်တော်တွင်လည်း ဆွေးနွေးပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း VOA သတင်းဌာန မြန်မာပိုင်းတွင် သတင်းဖော်ပြထားသည်။

“အစိုးရက မပေးသင့်ဘူးထင်လို့ မပေးတာပါ။ အင်္ဂလိပ်ပါလီမန်ဆိုတာ ကျွန်တော်တို့ကို အဲဒီမှာ သူတို့ဆီကနေ ဦးဆောင်ပြီးတော့ ကမ်ပိန်းလုပ်နေတာတွေရှိတယ်။ အဲဒီ Campaingner တွေကနေတစ်ဆင့် အင်္ဂလိပ်ပါလီမန်မှာ Position ယူထားပြီးသား။ ဒီလာပြီးတော့ Endorse လုပ်တာပဲဖြစ်မယ်။ အဲဒီတော့ ကျွန်တော်တို့တိုင်းပြည်အတွက် ကောင်းကျိုးဆိုးကျိုးကို ချိန်ဆပြီးတော့ မပေးတာပါ” ဟု ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက တုံ့ပြန်ပြောကြားသည်။

မြန်မာအစိုးရဘက်က ပြည်ဝင်ဗီဇာ အဓိကငြင်းပယ်သည့် အချက်သုံးချက်ထဲတွင် မြန်မာနိုင်ငံကိုလာရန် ဗီဇာလျှောက်ထားသည့် ဗြိတိန်အမတ်အချို့သည် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်ရန် တောင်းဆိုသူများထဲတွင် ပါဝင်နေသောကြောင့်ဖြစ်သည်ဟု ဖော်ပြထားကြောင်း VOA သတင်းဌာနက ရေးသားထားသည်။

“နံပါတ် (၁) အနေနဲ့ မြန်မာနိုင်ငံမှာ ရက်ရှည်ရုံးပိတ်ရက်ဖြစ်နေလို့၊ ဒုတိယအချက်အနေနဲ့ လုံခြုံရေးအခြေအနေအရ ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ ဆက်လက်ကန့်သတ်ထားပြီး နောက်ဆုံးအချက်ကတော့ လွှတ်တော်အမတ်တွေ မနေ့က ကြေညာချက်ထုတ်ပြန်တဲ့အထဲမှာပါတဲ့ အချက်နဲ့ တိုက်ဆိုင်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒါကတော့ မြန်မာစစ်တပ်ရဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ကျူးလွန်ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ တာဝန်ရှိသူအဖြစ် ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်ဖို့ ဝိုင်းဝန်းတောင်းဆိုတဲ့စာမှာ IDC အဖွဲ့ဝင် လွှတ်တော်အမတ်တွေက သူတို့ရဲ့ ကိုယ်ပိုင်သဘောထားတွေနဲ့ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အပေါ် မြန်မာအာဏာပိုင်တွေဘက်က နှစ်မြို့ခြင်း မရှိခဲ့ဘူးဆိုတာပါ” ဟု မြန်မာအာဏာပိုင်များဘက်က ဗီဇာငြင်းပယ်ရသည့် အကြောင်းရင်းနှင့်ပတ်သက်၍ တရားဝင် တုံ့ပြန်ခဲ့သည့် အချက်သုံးချက်ကို အောက်လွှတ်တော် နိုင်ငံတကာ ဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ လေဘာပါတီဝါရင့်အမတ် Stephen Twigg က အောက်လွှတ်တော်တွင် ရှင်းလင်းပြောကြားခဲ့သည်ဟု VOA သတင်းဌာနက ဖော်ပြထားသည်။

ဗြိတိန်အောက်လွှတ်တော်၏  နိုင်ငံတကာ ဖွံ့ဖြိုးရေးကော်မတီအဖွဲ့ဝင် လွှတ်တော်အမတ်များအနေဖြင့် မြန်မာနိုင်ငံကို ဖေဖော်ဝါရီ ၂၈ ရက်တွင် သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် IDC အဖွဲ့ဝင် အောက်လွှတ်တော်အမတ်များအတွက် ဗီဇာထုတ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Patrick နှင့် ဗြိတိန်နိုင်ငံခြားရေးဌာန အရာရှိများမှတစ်ဆင့် မြန်မာအစိုးရဘက်၊ လန်ဒန်တွင်ရှိသည့် မြန်မာသံရုံးနှင့်ပါ ဆက်သွယ်ကြိုးစားဆောင်ရွက်ခဲ့ကြောင်း Stephen Twigg က အောက်လွှတ်တော်တွင် တင်ပြခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ဗီဇာငြင်းပယ်ခံရသည့်အတွက် မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများနှင့် နေပြည်တော်တွင် တွေ့ဆုံရန်ရှိသည့် အစီအစဉ်များအားလုံးကို ဖျက်သိမ်းလိုက်ရသည်ဟု Mr.Twigg က ပြောကြားကြောင်း သိရသည်။

ထို့အတူ ဗြိတိန်လွှတ်တော်ဘက်ကလည်း ၂၀၁၈ -၂၀၁၉ ခုနှစ်များအတွက် မြန်မာနိုင်ငံကို အကူအညီပေးရန် စတာလင် ပေါင်သန်းပေါင်း ၁၀၀ လျာထားပြီးသားဖြစ်ကြောင်း၊ အထူးသဖြင့် ရခိုင်ပြည်နယ်အပါအဝင် အခြားတိုင်းနှင့် ပြည်နယ်များတွင် အလွန်ဆင်းရဲသည့် ပြည်သူများအတွက် ကျန်းမာရေး၊ ပညာရေးအစီအစဉ်များကို တိုက်ရိုက်ထောက်ပံ့ရန်ဖြစ်ကြောင်း အဆိုပါ အစီအစဉ်အရ အောက်လွှတ်တော် နိုင်ငံတကာ ဖွံ့ဖြိုးရေးကော်မတီ အဖွဲ့ဝင်အမတ်များသည် မြန်မာနိုင်ငံကို သွားရောက်ကြည့်ရှု၍ စစ်တွေနှင့် ပခုက္ကူမြို့များတွင် စတင်မည့် ဗြိတိန်လွှတ်တော်၏ ထောက်ပံ့ရေးအကူအညီများကို လေ့လာရန်ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် မြန်မာနိုင်ငံခရီးစဉ် ပျက်ပြယ်ခဲ့သော်လည်း IDC အဖွဲ့ဝင် ဗြိတိန်အောက်လွှတ်တော်အမတ်များအနေဖြင့် ၎င်းတို့ ဒုတိယအစီအစဉ်ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားတွင်ရှိသော ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်း) ဒုက္ခသည်စခန်းများ၌ ဗြိတိန်နိုင်ငံက ထောက်ပံကူညီပေးနေသည့် အခြေအနေများကို မတ် ၂ ရက်တွင် သွားရောက်ကြည့်ရှုမည်ဖြစ်ကြောင်း VOA သတင်းတွင် ဖော်ပြထားသည်။

Most Read

Most Recent