ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို အခြေအနေ အချိန်အခါအပေါ်မူတည်၍ ကျင်းပခွင့်ရရှိအောင် ကြိုးစားမည်ဟု JICM အစည်းအဝေးတွင် သဘောတူ

ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို အခြေအနေ အချိန်အခါအပေါ်မူတည်၍ ကျင်းပခွင့်ရရှိအောင် ကြိုးစားမည်ဟု JICM အစည်းအဝေးတွင် သဘောတူ
Published 2 March 2018

 

ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို အခြေအနေ အချိန်အခါပေါ်မူတည်ကာ ကျင်းပနိုင်ရန် ကြိုးစားသွားမည်ဟု ဖေဖော်ဝါရီ ၂၈ ရက်က ကျင်းပသည့် (၇) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM )တွင် သဘောတူခဲ့ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

(၆) ကြိမ်မြောက် JICM အစည်းဝေးတွင် ALP ၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးနှင့်ပတ်သက်ပြီး အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမည်ဟူသည့် ဆုံးဖြတ်ချက်ကို (၇) ကြိမ်မြောက် အစည်းအဝေးတွင်လည်း ထပ်လောင်းအတည်ပြုသည့် သဘောဆောင်ရွက်ခဲ့ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သည် NCA စာချုပ်တွင် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်အတူ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်၌ ပါဝင်လက်မှတ်ရေး ထိုးခဲ့သော်လည်း ၎င်းတို့ ဦးဆောင်ကျင်းပခွင့်ရှိသည့် ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား ရခိုင်ပြည်နယ်၏ နိုင်ငံရေးအခြေအနေအရဟုဆိုကာ အစိုးရဘက်က ကျင်းပခွင့်မပြုခြင်း ဖြစ်သည်။

“JICM မှာလည်း ALP က ဒါကို နားလည်မှုရှိတယ်ပေါ့နော်။ သို့သော် ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံး ကြိုးပမ်းဆောင် ရွက်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ဘာလဲဆိုတော့ တစ်သက်လုံး မကျင်းပရတော့ဘူးလို့ မဟုတ်ဘူး။ အခြေအနေအချိန်ခါပေါ် မူတည်ပြီး ကျင်းပခွင့်ရအောင် ကြိုးစားသွားမယ်။ အဲဒီစဉ်းစားချက်ကို အားလုံးက သဘောတူတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများ၊ လုံခြုံရေးအခြေအနေများအပေါ် အစိုးရ၏ ဆောင်ရွက်နေမှုအခြေအနေများကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒုတိယဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်ကို အလွတ်သဘော ရှင်းပြခဲ့ကြောင်းလည်း ၎င်းက ပြောကြားသည်။

“အဓိကအားဖြင့် ALP ဘက်ကလည်း ကျွန်တော်တို့ နားလည်မှုရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေအရ အရမ်းကို ထိလွယ်ရှလွယ် အနေအထားဖြစ်ပါတယ်။ မကြာသေးခင်ကပဲ မြောက်ဦးဖြစ်စဉ် ဖြစ်တယ်။ စစ်တွေမှာ ဗုံးကွဲမှုဖြစ်တယ်။ ဒီလိုမျိုးဖြစ်နေတဲ့ အနေအထားမှာ ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးပေါ့။ ဒါတွေကိုလည်း မနက်ပိုင်း နိုင်ငံတော်အတိုင်ပင်ခံ အဖွင့်မိန့်ခွန်းပြောကြားပြီးတော့ အလွတ်သဘော Tea Break မှာ ပြောပါတယ်။ ရှင်းပြတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်က ရှင်းပြတယ်။ ALP က ဒုတိယဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်ကို ရှင်းပြတယ်။ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ လက်ရှိ နိုင်ငံတော်အစိုးရက နိုင်ငံတကာမျက်နှာစာမှာ ဆောင်ရွက်နေရတဲ့ အခြေအနေတွေ အလားအလာတွေကို အကျယ်တဝင့် ရှင်းပြတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

အလားတူ NCA ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) သည် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား ကျင်းပခွင့်ရရှိထားသော်လည်း အဆိုပါဆွေးနွေးပွဲ မကျင်းပမီ လူထုအကြိုတွေ့ဆုံပွဲကျင်းပရာတွင် ကန့်သတ်ခံရမှုကြောင့် ဆွေးနွေးပွဲအား ယာယီရွှေ့ဆိုင်းထားပြီး ဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် RCSS/SSA အား အစိုးရဘက်မှ ရွေးချယ်နိုင်သည့် နည်းလမ်းများအား ကမ်းလှမ်းထားကြောင်း၊ RCSS အနေဖြင့်လည်း ၎င်းတို့ အကြီးအကဲများထံ ပြန်လည်တင်ပြ၍ အစိုးရဘက်မှပေးသည့် နည်းလမ်းထဲမှ ကြိုက်နှစ်သက်သည့် နည်းလမ်းဖြင့် ဆွေးနွေးပွဲအောင်မြင်အောင် ကျင်းပနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

Most Read

Most Recent