NCA စာချုပ်တွင် လက်မှတ်ထိုးနိုင်ရေးဆွေးနွေးရန် ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ယခုလဆန်းပိုင်း တွေ့ဆုံမည်

NCA စာချုပ်တွင် လက်မှတ်ထိုးနိုင်ရေးဆွေးနွေးရန် ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ယခုလဆန်းပိုင်း တွေ့ဆုံမည်
Published 2 March 2018

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်နှင့် KNPP တာဝန်ရှိသူများ ဖေဖော်ဝါရီ ၂၁ ရက်က လွိုင်ကော်မြို့ ဆက်ဆံရေးရုံးတွင် တွေ့ဆုံစဉ်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးရန် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ အကြား ယခုလဆန်းပိုင်းတွင် တွေ့ဆုံမည်ဖြစ်ကြောင်း KNPP ၏ ဗဟိုကော်မတီဝင်၊ လွိုင်ကော်ဆက်ဆံရေးရုံးတာဝန်ခံ ခူညေးရယ်က မတ် ၁ ရက်တွင် ပြောကြားသည်။

ယခုလက်ရှိတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဗဟိုဌာနချုပ်၌ ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်ကာ ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPP တို့ တွေ့ဆုံမည့်ကိစ္စကို အဖွဲ့တွင်း အရေးပေါ်အစည်းအဝေး ပြုလုပ်နေသဖြင့် အစည်းအဝေးပြီးစီးသည့် မတ် ၂ ရက်မှသာ တိတိတိကျကျ သိရှိနိုင်မည်ဖြစ်ကြောင်း ခူညေးရယ်က ပြောကြားသည်။

“သူတို့ ဗဟိုဆိုတာကတော့ နယ်စပ်မှာပေါ့နော်။ သူတို့ အရေးပေါ်အစည်းအဝေး လုပ်နေတယ်ဆိုတော့ ဘယ်လို အဖြေထွက်လာမလဲဆိုတာ တိတိကျကျတော့ မသိနိုင်သေးဘူး။ ဒါပေမဲ့ ကျွန်တော့်ကို အသိပေးလာတာကတော့ ရန်ကုန်မှာ သွားဆွေးနွေးဖို့ဆိုတာရှိတယ်။ ဒါပေမဲ့ ဘယ်အချက်တွေ ဆွေးနွေးမလဲဆိုတာ ဆုံးဖြတ်ချက် မထွက်လာသေးတော့ ကျွန်တော်လည်း မသိရသေးပါဘူး။ ဒါပေမဲ့ ကျွန်တော် သိရသလောက်ကတော့ ရန်ကုန်မှာ တွေ့မယ်လို့ ပြောတယ်။ ဒါပေမဲ့ အဲဒီရက်လည်း Confirm မဖြစ်သေးဘူးလေ။ အဲဒီဆွေးနွေးမှုထွက်လာမှ သိရမယ်ထင်တယ်” ဟု လွိုင်ကော်ဆက်ဆံရေးရုံးတာဝန်ခံ ခူညေးရယ်က ပြောကြားသည်။

ထိုသို့ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPP ကြားတွေ့ဆုံရန်အတွက် ကနဦးတွင် မတ် ၇ ရက်အား လျာထားပြီး ယခုထက်ထိ အဆိုပါရက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

လက်ရှိတွင် KNPP သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခြင်း မရှိသေးဘဲ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၉ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော KNPP တပ်ဖွဲ့ဝင်အချို့  အသတ်ခံရခြင်းကိစ္စအပေါ် တပ်မတော်က စုံစမ်းစစ်ဆေးနေသည့် အဖြေရလဒ်လည်း  NCA စာချုပ်တွင် လက်မှတ်ရေးထိုးရေးအတွက် အချက်တစ်ချက်အဖြစ်ပါဝင်ကြောင်း KNPP က ပြောကြားထားသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPP တို့အကြား တွေ့ဆုံမည့်ကိစ္စနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက “ဆုံဖို့တော့ အစီအစဉ်ရှိတယ်ဗျ။ အသေးစိတ် ကျွန်တော်လည်း အတိအကျမသိရသေးဘူး။ ဟုတ်ကဲ့ သူတို့နဲ့တွေ့ဖို့အစီအစဉ်ရှိပါတယ်။ ဒါပေမဲ့ ဘယ်လိုအသေးစိတ် ကမ်းလှမ်းတယ်ဆိုတာကိုတော့ ကျွန်တော်လည်း မပြောနိုင်သေးဘူး။ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဖို့ကတော့ အမြဲကြိုးစားလုပ်နေရမှာပဲလေ။ ကျွန်တော်တို့ဘက်ကတော့ အဆင်သင့်ပဲ။ သူတို့ဘက်က ပေးနိုင်တဲ့ရက်တွေပဲ ကျွန်တော်တို့က လုပ်မှာပါ။ ကျွန်တော်တို့တွေ့ဖို့ စီစဉ်နေတာတော့ သိတယ်။ တွေ့ဖို့ရက်ကိုတော့ အတိအကျ မသိသေးဘူး” ဟု ပြောကြားသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် အဖွဲ့အစည်း ဖြစ်သည်။

UNFC အဖွဲ့ဝင်နှစ်ဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့သည် ဖေဖော်ဝါရီ ၁၃ ရက်က NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။

Most Recent