ရက်ပိုင်းအတွင်း မတ်ပဲတစ်တန်လျှင် ကျပ်ခြောက်သောင်းခန့် ထပ်မံကျဆင်းသွားပြီး FOB ဈေးနှုန်းများလည်း အနည်းငယ်ကျဆင်း

ရက်ပိုင်းအတွင်း မတ်ပဲတစ်တန်လျှင် ကျပ်ခြောက်သောင်းခန့် ထပ်မံကျဆင်းသွားပြီး FOB ဈေးနှုန်းများလည်း အနည်းငယ်ကျဆင်း
Published 2 March 2018

မန္တလေးကုန်စည်ဒိုင်တွင် အရောင်းအဝယ်ပြုလုပ်ရန် ပြသထားသည့် ပဲမျိုးစုံကို တွေ့ရစဉ်

ရက်ပိုင်းအတွင်း ပဲဈေးနှုန်းမှာ မတ်ပဲတစ်တန်လျှင် ကျပ်ခြောက်သောင်းခန့် ထပ်မံကျဆင်းသွားပြီး FOB ဈေးနှုန်းများလည်း အနည်းငယ်ကျဆင်းနေကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ ထုတ်ပြန်သည့် ဈေးနှုန်းများအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်က ထုတ်ပြန်သည့် ပဲဈေးနှုန်းများအရ ၂၀၁၈ ဖေဖော်ဝါရီ ၂၈ ရက်၌ ဖြစ်ပေါ်နေသည့် ပေါက်ဈေးအနေဖြင့် မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၆၂၈၀၀၀၊ FAQ တစ်တန်လျှင် ကျပ် ၅၀၈၀၀၀  နှင့် ပဲစင်းငုံတစ်တန်လျှင်  ကျပ် ၃၈၈၀၀၀ ပေါက်ဈေးဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိပြီး တစ်ပတ်အတွင်း မတ်ပဲနှင့် ပဲစဉ်းငုံတစ်တန်လျှင် ကျပ်ခြောက်သောင်းခန့် ဈေးနှုန်းထပ်မံကျဆင်းသွားသည်။

၂၀၁၈ ဖေဖော်ဝါရီ ၂၄ ရက်၌ ဖြစ်ပေါ်ခဲ့သည့် ပေါက်ဈေးမှာ မတ်ပဲ  SQ တစ်တန်လျှင် ကျပ် ၆၈၈၀၀၀၊ FAQ တစ်တန်လျှင် ကျပ် ၅၄၃၀၀၀ နှင့် ပဲစင်းငုံ တစ်တန်လျှင် ကျပ် ၄၂၇၀၀၀ ပေါက်ဈေးဖြင့် အရောင်းအဝယ် ပြုလုပ်ခဲ့ပြီး လက်ရှိပေါက်ဈေးထက် မတ်ပဲတစ်တန်လျှင် ကျပ်ခြောက်သောင်းခန့်ဈေးနှုန်း မြင့်တက်ခဲ့သည်။

ရက်ပိုင်းအတွင်း ပဲဈေးနှုန်းမှာ ထပ်မံကျဆင်းသွားခဲ့ပြီး ပြီးခဲ့သည့် ပဲသစ်ပေါ်ချိန်တွင် ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းထက် ထက်ဝက်နီးပါးလျော့ကျလျက်ရှိကြောင်း ဈေးကွက်အတွင်း ဖြစ်ပေါ်သည့် ဈေးနှုန်းများအရ သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး (ဘုရင့် နောင်ကုန်စည်ဒိုင်)က ထုတ်ပြန်သည့် FOB ဈေးနှုန်းများအနေဖြင့်လည်း လက်ရှိတွင် မတ်ပဲ (2017 Crop ) FAQ တစ်တန်လျှင် ဒေါ်လာ ၃၉၀-၄၁၀၊ မတ်ပဲ  SQ တစ်တန်လျှင် ဒေါ်လာ ၅၁၀-၅၃၀၊ အခွံချွတ် (အလုံး/  အခြမ်း) တစ်တန်လျှင် ဒေါ်လာ ၅၆၀-၅၉၀ နှင့် အခွံ့ပါ (အခြမ်း) တစ်တန်လျှင် ဒေါ်လာ ၄၉၀-၅၁၅ ဖြင့် ဒေါ်လာ ၂၀ ခန့်ပြန်လည် ကျဆင်းသွားပြီး အကျဈေးဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပဲစင်းငုံ (2018 Crop ) FAQ အနီ တစ်တန်လျှင် ဒေါ်လာ ၃၂၀-၃၄၀၊  FAQ ဖြူနီတစ်တန်လျှင်ဒေါ်လာ ၃၂၀-၃၄၀ ပေါက်ဈေးဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိသည်။

ထို့ပြင် ပဲတီစိမ်း FAQ (အညာ) တစ်တန်လျှင်ဒေါ်လာ ၆၀၀-၆၃၀၊ FAQ (ပခုက္ကူ) တစ်တန်လျှင် ဒေါ်လာ ၆၁၀-၆၄၀၊ ရွှေဝါ အသေးတစ်တန်လျှင် ဒေါ်လာ ၇၅၀-၇၈၀နှင့် ရွှေဝါအကြီး တစ်တန်လျှင် ဒေါ်လာ ၈၀၀-၈၃၀ ပေါက်ဈေးဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိသည်။

ပြည်ပတင်ပို့မှုအနေဖြင့် ကြည့်ပါက ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်ထိ မတ်ပဲတစ်မျိုးတည်း တင်ပို့မှုမှာ ၃၅၆၅၄  တန်ချိန်၊ ပဲတီစိမ်းတစ်မျိုးတည်းတင်ပို့မှာ ၁၂၈၄၆ တန်ချိန်နှင့် ပဲစင်းငုံတင်ပို့မှု တန်ချိန်မှာ ၁၆၀၈၂ တန်ချိန် တင်ပို့ထားကြောင်း သိရသည်။

Most Recent