ရှကီယာက စပိန်အခွန်အာဏာပိုင်များကို ဒေါ်လာ၂၄ သန်းကျော် ပေးဆောင်

ရှကီယာက စပိန်အခွန်အာဏာပိုင်များကို ဒေါ်လာ၂၄ သန်းကျော် ပေးဆောင်
Published 1 March 2018

အဆိုတော် ရှကီယာသည် စပိန်တွင် နေထိုင်ခဲ့သည့်၂၀၁၁ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အတွင်း ဝင်ငွေခွန်ပေးဆောင်ရန် ကျန်ရှိနေသေးသည်ဟု စပိန်အာဏာပိုင်များက စွပ်စွဲခဲ့ပြီးနောက် ၎င်းက အခွန်ကြွေးကျန် ဒေါ်လာ ၂၄ ဒသမ ၆ သန်းကျော်ကို အခွန် အာဏာပိုင်များထံ ပေးဆောင်ခဲ့သည်ဟု စပိန်မီဒီယာများက ဖော်ပြခဲ့သည်။

အခွန်လိမ်လည်ခဲ့သည်ဆိုသော အာဏာပိုင်များ၏ စွပ်စွဲမှုကို ဖြေရှင်းရန်အတွက် ရှကီယာက  ယင်းငွေများကို ပေးခဲ့ခြင်းဖြစ်သည်ဟု ကာတာလန်နေ့စဉ်ထုတ် သတင်းစာ El Periodico က  ဖော်ပြခဲ့သည်။

ရှကီယာသည် အခွန်ပေးဆောင်ခြင်း မရှိဟု ဘဏ္ဍာရေးဆိုင်ရာ အာဏာပိုင်များက စွပ်စွဲပြီး ဘာစီလိုနာရှိ အစိုးရရှေ့နေများထံ တိုင်ချက်ဖွင့်ခဲ့သဖြင့် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခဲ့သည်ဟု အစိုးရရှေ့နေရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် ဟိုဆေးမီဂူးကန်ပနီကပြောကြားခဲ့သည်။ ရှကီယာသည် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အတွင်း စပိန်တွင် နေထိုင်ခဲ့သည်ဟု ၎င်းတို့က အခိုင်အမာ ပြောကြားပြီး လေးနှစ်အတွင်း စပိန်နိုင်ငံတွင် ရှာဖွေခဲ့သည့် ဝင်ငွေအပြင်ကမ္ဘာတစ်ဝန်းမှ ရရှိခဲ့သည့် ဝင် ငွေအများအတွက် အခွန်တောင်းခံခဲ့သည်။

ရှကီယာနှင့် နီးစပ်သည့် သတင်းရင်း မြစ်များကမူ ရှကီယာသည်  အခွန်ရှောင်ခဲ့ခြင်း မရှိကြောင်းနှင့် ၎င်း၏အချိန်အများစုကို စပိန်နိုင်ငံပြင်ပတွင် ကုန်ဆုံးခဲ့ကြောင်း ယင်းအချိန်က ပြောကြားခဲ့သည်။ ရှကီယာသည် အခွန်ပေးဆောင်ရမည့်တာဝန်ကို အမြဲ လိုက်နာခဲ့သည်ဟု အမည်မဖော်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်း၏ ကစားသမား ဂျရတ်ပီကေး၏ အတူနေလက်တွဲဖော်ဖြစ်သည့်  အသက် ၄၁ နှစ်အရွယ်ရှိ ရှကီယာက  ၂၀၁၅ ခုနှစ်တွင်  ကာတာလန်မြို့သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။

စပိန်ဥပဒေအရ  နိုင်ငံတွင် ၁၈၃ ရက် ကျော်နေထိုင်ခဲ့သူများသည် တရားဝင်နေထိုင်သူများအဖြစ် ယူဆခံရပြီး ၎င်းတို့၏ နိုင်ငံတကာမှ ရရှိသည့်ဝင်ငွေများအတွက် အခွန်ပေးဆောင်ရမည်ဖြစ်သည်။ ၁၈၃ ရက်ထက် လျော့နည်းနေထိုင်သူများသာလျှင် စပိန် နိုင်ငံအတွင်း ရှာဖွေခဲ့သည့်ဝင်ငွေအတွက် အခွန်ပေးဆောင်ရမည်ဖြစ်သည်။

ရှကီယာက  ယင်းနှစ်များအတွင်း ပြည်ပ နိုင်ငံများတွင်သာ အနေများခဲ့ကြောင်း၊ ရှကီယာ၏ ဝင်ငွေအများစုကို ကမ္ဘာလှည့်ဖျော်ဖြေပွဲများမှ ရရှိခဲ့ကြောင်း ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ်က ကာကွယ်ပြောကြားခဲ့သည်။ လက်တင်အမေရိက၏ နာမည်ကြီး အဆိုတော် တစ်ဦးဖြစ်သည့် ရှကီယာသည့် Hips Don't Lie၊ Whenever၊ Wherever စသည့် သီချင်းများဖြင့် ကမ္ဘာတစ်ဝန်းတွင် အောင်မြင်ခဲ့ပြီး ၎င်း၏ အယ်လ်ဘမ်များသည် ချပ်ရေ သန်း ၆၀ ကျော် ရောင်းချနိုင်ခဲ့သည်။

Most Read

Most Recent